ကျွန်တော်ကြုံခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘဝ (၄)
Wed 18 February 2009ဒီတစ်ခါတော့ ကျောင်းသားဘဝမှာ ဖြစ်တတ်တဲ့အချစ်ရေးပေါ့ဗျာ။ ဗမာပြည်မှာက တက္ကသိုလ်တက်ရင် ရည်းစားရှာရတယ်ဆိုတာကလည်း ကျောင်းသားဘဝရဲ့ အလုပ်ကြီးတစ်ခုလို့ သဘောထားနေကြတယ်။ ဘယ်အချိန်မှာ ပိုသိသာသလဲဆိုတော့ ကျောင်းပြီးခါနီးအချိန်တို့ဘာတို့မှာ ရည်းစားမရှိသေးတဲ့ ကျောင်းသူကျောင်းသားများ အားငယ်တာတို့ ယောက်ချာချာဖြစ်နေတာတို့ မြင်ဖူးကြမယ်ထင်ပါတယ်။ ဒါကိုအပြစ်ပြောမလို့မဟုတ်ပါဘူး သဘာဝပဲလေ အသက်က ၁၉ - ၂ဝ လည်းဖြစ်လာပြီဆိုတော့ ဒီကိစ္စတွေကို အပြစ်ပြောစရာအကြောင်းမရှိပါဘူး။ ဘယ်နိုင်ငံက တက္ကသိုလ် ကျောင်းသားကျောင်းသူတွေပဲဖြစ်ဖြစ် တစ်ဘဝလုံး လက်တွဲရမယ့်သူတွေနဲ့ဆုံကြတာ တက္ကသိုလ်မှာပဲများကြပါတယ်။ ပြဿနာက အဲ့ဒီ့ကိစ္စဖြစ်လာရင် ကိုယ်လုပ်နေတဲ့ ပညာရေးကို အထိခိုက်ခံလိုက်ကြတာတွေ တွေ့ရတာသိပ်မကောင်းတဲ့ကိစ္စပဲ။
ဗမာပြည်ရဲ့ တက္ကသိုလ်နောက်ခံ ဝတ္ထုတွေထဲမှာ ပထမဆုံးအနေနဲ့ထွက်လာတာက ကောလိပ်ကျောင်းသား ကောင်းကောင်းတောင် မမှတ်မိတော့ပါဘူး မင်းသားကမင်းသမီးကိုကြိုက်တယ် မင်းသမီးအိမ်ပြန်သွားရတယ် မင်းသားဆွေးပြီး စာမေးပွဲတွေဘာတွေ မဖြေနိုင်ဖြစ်တယ် နှစ်ဝက်စာမေးပွဲကျတယ် အိမ်ကမေးတော့ ဝါးလုံးစစ်စစ်လို့ ကျတယ်တို့ ဘာတို့ ပြောတာတွေကို ဇာတ်နာအောင်ရေးပါတယ်။ ဖတ်လို့တော့ ကောင်းမှာပါဗျာ ဒါပေမယ့် ဘာမှအတုယူစရာလည်းမတွေ့ နောင်လာနောက်သားတွေ ခေတ်အဆက်ဆက် မှားစရာတွေပဲဖြစ်လာတယ်။ ခေတ်အဆက်ဆက် ရေးလာခဲ့တဲ့ တက္ကသိုလ်ဇာတ်လမ်းတွေ ဒီလမ်းထဲကိုမထွက်တော့ပါဘူး။ ဒီဝတ္ထုတွေကို လူငယ်တွေဖတ်တာများတယ် ဒါတွေကိုပဲရုပ်ရှင်ရိုက်တယ် လူငယ်တွေပဲကြည့်တာများတယ်။ ကိုယ့်ဟာကိုယ် ဖွန်ကြောင်လို့ စာမေးပွဲကျတာကိုပဲ သူတို့သူငယ်ချင်းတွေထဲမှာ လူစွမ်းကောင်းကြီးလို ဖြစ်လာတယ်။
ကျွန်တော့်သူငယ်ချင်းတစ်ယောက် တတိယနှစ်မှာ ဒီလိုပဲအကြောင်လွန်းပြီး Re-exam ထိပါတယ်။ ဖြေလိုက်ရင်အောင်ပါတယ် ဒါပေမယ့် ဂုဏ်ထူးတန်းဆက်တက်လို့ မရတော့ပါဘူး။ သူဂုဏ်ထူးတန်း တက်ချင်လွန်းလို့ သူ့အမှားအတွက် သူစာမေးပွဲပြန်မဖြေပဲ အကျခံလိုက်ပါတယ်။ သူပေးဆပ်လိုက်ရတာက သူ့ရဲ့အချိန်တစ်နှစ်နော် နည်းနည်းနောနောမဟုတ်ဘူး။ သူဆက်တက်လာလိုက်တာ သူတက်ချင်တဲ့ ဂုဏ်ထူးတန်းတက်ရပါတယ် နောက်တော့ မဟာတန်းသူဆက်တက်ပါတယ်။ မဟာတန်း စာမေးပွဲမှာလည်း တစ်ခေါက်ထပ်ပြီးတော့ ကြောင်ပြန်ပါတယ် ဒီတစ်ခေါက်လည်း စာမေးပွဲကျပါတယ် ဒီတစ်ခါတော့ မဟာတန်းဆိုတာ Re-Exam မရှိပါဘူး။ အင်မတန်လည်း နှမြောမိပါတယ်။ တစ်ရက် သူနဲ့ကျွန်တော်နဲ့ လက်ဘက်ရည်ဆိုင်မှာထိုင်နေတုံး သူ့ညီဝမ်းကွဲလေးရောက်လာတော့ စကားစပ်မိလို့ သူ့ကြောင်းကိုသူ့ညီသိသွားတော့ ကလေးကဘာပြောသလဲဆိုတော့ အစ်ကိုရယ်အရမ်းဂုဏ်ယူတယ်ဗျာတဲ့။ ကိုယ့်နေရာကိုဆက်ခံမယ့် ကလေးတွေမှာ ဒီလိုအယူအဆတွေဖြစ်နေတာကို တစ်ကယ်ကိုပဲ ဝမ်းနည်းမိပါတယ်။
ကျွန်တော်ရုပ်ရှင် သွားကြည့်လေ့မရှိပါဘူး အိမ်မှာနေရင်းကြည့်လို့ရတဲ့ ဗွီစီဒီကိုတောင် မကြည့်ဖြစ်ပါဘူး ဒါပေမယ့် အမေရယ် အဒေါ်ရယ် ညီမလေးရယ်ကတော့ အမြဲတမ်းကြည့်ကြပါတယ် ကိုရီးယားကားပေါင်း သောင်းခြောက်ထောင် ဝယ်ကြည့်ပါတယ်။ တစ်ရက်သူတို့ကြည့်နေလို့ ဇာတ်လမ်းတစ်ခု ခဏတဖြုတ်ကြည့်လိုက်ပါတယ် ဇာတ်ကားကတော့ ဗမာပြည်မှာတော်တော်လေး နာမည်ကြီးပါတယ် “Love Story in Harvard”။ ဇာတ်ဝင်ခန်းတစ်ခုမှာ မင်းသမီးက ဘာပြဿနာတက်တယ်တော့ မမှတ်မိပါဘူး မှတ်မိတာကတော့ မင်းသားကမင်းသမီးကို ကားနဲ့ညပိုင်းမှာလိုက်ပို့ရပါတယ်။ မင်းသားက နောက်နေ့မှာ Assignment တင်စရာရှိပါတယ်။ မင်းသမီးကားပေါ်မှာ အိပ်ပျော်နေတဲ့အချိန်မှာ သူ Assignment ကိုပြီးအောင်လုပ်ရင်း Laptop Battery ကုန်ပါတယ်။ ဒါပေမယ့်သူ လက်ရေးနဲ့အပြီးရေးပြီးတင်ပါတယ်။ နောက်နေ့မှာတော့ အချ
ိန်မှီတင်လိုက်နိုင်ပါတယ်။ ဗမာကားဆိုရင်တော့ မင်းသား Assignment မပြီးလိုက်လို့ စာမေးပွဲကျ ဒါကိုမင်းသမီးက သူ့ကြောင့်ဖြစ်တယ်ဆိုပြီး ကရုနာတွေပို ဒါမျိုးတွေပဲလာမယ်။ ဒါနဲ့ကျွန်တော် စိတ်ဝင်စားလို့ဆက်ကြည့်မိတယ် နောက်ပိုင်းလည်း တော်တော်ကြီးကျယ်တဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေဖြစ်တယ် ဒါပေမယ့် သူတို့လုပ်လက်စ ပညာရေးကိုအထိခိုက်ခံလိုက်တယ်ဆိုတာ တစ်ခါမှမတွေ့ဘူး သူတို့ကိုယ်ရေးကိုယ်တာကိစ္စကိုလည်း မျတအောင်စီမံကြတာတွေ့တယ်။ နောက်လည်း ပညာရေးအတွက်ပဲ ယာယီလမ်းခွဲခဲ့တာတွေ့ပါတယ်။ ဗမာပြည်လို လျောက်လည်တာ အချိန်လွန်သွားတာကနည်းနည်း မောင်နဲ့မခွဲနိုင်ဘူး မေနဲ့မခွဲနိုင်ဘူးဆိုတာများများနဲ့ ပထမနှစ်ကတည်းက လိုက်ပြေး ကျောင်းကိုတစ်ဝက်တစ်ပျက်နဲ့ထွက် ဆိုတဲ့ဟာမျိုးမတွေ့ဘူးဗျာ။ ကျွန်တော်ကိုရီးယားကို အထင်ကြီးတဲ့လူမဟုတ်ပါဘူး ရုပ်ရှင်ထဲကနဲ့ အပြင်ကသူတို့ စရိုက်ကတစ်ခြားစီပါ ဒါကိုသိပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲက အတုယူစရာကိုမြင်လို့ပြောတာပါ။
မှတ်မှတ်ရရပါ မနေ့ကအလုပ်တွေ စာတွေမပြီးတာနဲ့ ညပိုင်း ၂ နာရီလောက်မှ ကျောင်းကနေပြန်လာပါတယ် စာကြည့်တိုက်ရှေ့ ခုံတန်းကလေးမှာ ကောင်လေးနဲ့ ကောင်မလေး အတွဲတစ်တွဲထိုင်ပြီး Assignment လုပ်နေကြပါတယ်။ သူတို့နားကဖြတ်သွားတော့ နားစွန်နားဖျားကြားလိုက်တာက ကောင်လေးက အခုလုပ်နေတဲ့ Assignment ပြီးရင် မနက်ဖြန်ဘာမှ လုပ်စရာမရှိလို့ အပြင်ထွက်လည်မယ်လို့ပြောတာပါ ကောင်မလေးက မနက်ဖြန်ဘာမှ မရှိပေမယ့် နောက် ၃ ရက်နေရင်နောက်ထပ် Assignment နောက်တစ်ခုကျန်သေးလို့ မနက်ဖြန်ကို အပြင်မထွက်ပါရစေနဲ့တဲ့ ဒီတန်ဖိုးရှိတဲ့ အချိန်တစ်ရက်ကို ဖြုန်းလိုက်တာထက် နောက်လာမယ့် Assignment အတွက်အချိန်တစ်ရက် ပိုပေးလိုက်တာက ငါတို့နှစ်ယောက်ရဲ့ဘဝအတွက် ပိုပြီးအဖိုးတန်မယ်ထင်တယ်တဲ့ အဲ့ဒီ Assignment ပြီးရင်တော့ သူဘယ်ကိုပဲသွားသွားလိုက်ခဲ့ပါမယ်လို့ ကောင်လေးကိုပြောနေတာ ကြားမိလိုက်တယ်။ ဒီကလေးနှစ်ယောက် အသက်ကအလွန်ဆုံးရှိ ၁၈-၁၉ ပေါ့။ ကိုယ်ဆီက တက္ကသိုလ်ကျောင်းသား ကျောင်းသူ စုံတွဲလေးတွေကိုလဲ ပျော်သင့်တဲ့အချိန်မှာပျော် ကိုယ့်ဘဝအတွက် ကြိုးစားသင့်တာတွေကိုလည်း အပျက်မခံပဲကြိုးစားနေတဲ့ လူငယ်လေးတွေအဖြစ်ပဲ တွေ့ချင်ပါတယ်ဗျာ။