သရဲဆိုတာဘာကိုကြောက်ရတာလဲမသိ…
Fri 13 March 2009ဒီရက်ပိုင်း ကျောင်းမှာကလည်း ဘာတွေဖြစ်နေတယ်မသိပါဘူး တစ်ယောက်က ကျောင်းပေါ်ကနေခုန်ချပြီး သတ်သေတယ်။ နောက်တစ်ပါတ်ပဲခြားတယ် နောက်တစ်ယောက်က အဆောင်မှာပဲ ကိုယ့်ကိုကိုယ်သတ်သေတယ်။ ဖြစ်ချင်တော့ ကျောင်းပေါ်ကခုန်ချပြီးသေတဲ့နေရာနားကစာသင်ခန်းမှာ အတန်းတစ်ခုက အင်္ဂါနေ့ဆိုရင်သွားတက်ရတယ်။ ပြန်ရင်လည်း သူခုန်ချသွားတဲ့အပေါ်ဆုံး ပေါင်းကူးကနေပြန်ရတယ်ဗျာ။ အစကတော့ ကားမမှီမှာစိုးလို့ဆိုတဲ့ အတန်းထဲကကောင်မလေးတွေ အခုတော့လူနည်းနေမှာစိုးလို့ စောင့်ပါဦးဆိုတာကပါသေးတယ်။ ပေါင်းကူးပေါ်ရောက်သွားတော့ဗျာ ကိုယ့်ကိုအတင်းကျော်တက်ကြပြန်တယ် ဘာဖြစ်နေကြတာလဲဆိုတော့ အနောက်ဆုံးကလူကို ဆွဲမှာစိုးလို့တဲ့။ ကျွန်တော့်ကျတော့ဆွဲချင်ဆွဲဆိုတဲ့သဘောပေါ့။ ကျွန်တော်ကလည်း ပြောလိုက်ပါတယ် ဒါဗမာပြည်မဟုတ်ဘူး သရဲခြောက်ရင် သူကခိုးကြောင်ခိုးဝှက် အနောက်ကနေ မဆွဲဘူး အရှေ့ကနေ ဘွားကနဲ့ပေါ်တင်ခြောက်တာလဲဆိုရော ပြေးလိုက်ကြတာ ဝရုန်းသုန်းကားနဲ့ဗျာ။ မေးကြည့်ပါတယ် သေသွားတဲ့လူနဲ့ ခင်ဗျားတို့က သိလို့လားဆိုတော့ မသိဘူးတဲ့။ ဟာဒါဆိုရင်တော့ သူကခင်ဗျားတို့ကို အလကားနေရင်း လာတော့မနှုတ်ဆက်ပါဘူးပြောတော့လည်း မဟုတ်ဘူး လာချင်လာမှာပေါ့တဲ့။ ဘယုံနှယုံဗျာ သိတဲ့လူသေလို့ ကိုယ့်ဆီလာမှာကြောက်တယ်ဆိုတော်သေး မသိတဲ့လူသေတိုင်းသာ ကြောက်နေရမယ်ဆိုရင် တစ်ရက်တစ်ရက် မွေးတဲ့လူရယ် သေတဲ့လူရယ်မနည်းပါဘူး ဘယ်သွားနေရမှန်းတောင်မသိပါဘူး။
နောက်ပြီးတော့ ကျွန်တော်နေတဲ့အခန်းကလည်း အရင်နေသွားတဲ့ကောင်လေးက သရဲခြောက်လို့ မနေပဲပြောင်းသွားတာတဲ့။ ကျွန်တော်ကို ကြောက်မှာစိုးလို့ ဘယ်သူမှမပြောကြဘူး။ ခြောက်ခံရမှသိပစေဆိုပြီ လုပ်ထားကြတာလေ။ နောက် ၁ လနေလည်း ကျွန်တော်က ဘာမှမပြော ၂ လနေလည်းဘာမှပြောသံမကြားတော့မှ မင်းဘာမှမဖြစ်ဘူးလားလို့ မေးတယ်။ ကိုယ်လည်းဘာမှ မသိဘူးလေ ဘာဖြစ်လို့လဲဆိုတော့ သရဲခြောက်တယ်တဲ့။ ဟမ်ငါတော့ သရဲတော့အခုထက်ထိ မမြင်သေးပါဘူးဟဆိုတော့ သရဲကအကောင်မပြဘူး အသံနဲ့ခြောက်တာတဲ့။ ဘယ်လိုအသံလည်းဆိုတော့ မီးဖိုချောင်ထဲမှာ ဘယ်သူမှမရှိပဲ ချက်ပြုတ်နေသံတွေ ကြားရတာတဲ့။ အဲ့သည်တော့မှစဥ်းစားမိတယ် သရဲကကျွန်တော့်ကိုဘယ်ခြောက်ချိန်ရှိမလဲ ကျွန်တော်က အားတဲ့အချိန်ဆိုမီးဖိုချောင်ထဲမှာ တစ်ခုမဟုတ်တစ်ခုလုပ်စားနေတော့ မီးဖိုချောင်မအားတာနဲ့ သရဲလည်းမခြောက်နိုင်တာ ဖြစ်မယ်ထင်တယ်။ ပေါက်ပေါက်ရှာရှာဗျာ တိုက်ခန်းတွေပဲ တိတ်ဆိတ်နေရင်တော့ တစ်ခြားအခန်းတွေ အထက်အောက်ရှိနေတာပဲ သူတို့အသံလည်း ဖြစ်ချင်ဖြစ်မှာပေါ့ အသံကြားတိုင်း ကိုယ့်ကို သရဲခြောက်တယ် လုပ်နေလို့တော့ဘယ်ဖြစ်မလဲ။
မှတ်မှတ်ရရပါ တစ်ခါလည်း ၃၅ လမ်းမြတောင်တိုက်နားမှာ ကောင်မလေးတစ်ယောက်ကို သဲကားကြိတ်သွားတာ ခေါင်းကိုပြားသွားတာပဲ။ တော်တော်လေးကို သနားစရာကောင်းပါတယ်။ နောက်မကြာပါဘူး သတင်းတွေကထွက်လာတယ် လူတစ်ယောက် ညဘက်ကြီးပြန်လာတာ ကောင်မလေးတစ်ယောက် လမ်းပေါ်မှာဟိုရှာဒီရှာလုပ်နေတာတွေလို့ မေးလိုက်တော့ ဂေါဝိန်ဘက်လိုက်ချင်တယ်ပြောလို့ တင်ခေါ်လာတာတဲ့။ လမ်းမှာ စကားစပ်မိရင်းနဲ့ ဘာရှာနေတာလဲဆိုတော့ ဟိုတစ်နေ့က ပျောက်သွားတဲ့ ပိုက်ဆံအိတ်ရှာတာလို့ပြောတယ်တဲ့။ ဒါပေမယ့် ကွန်မခေါင်းကို ကားကနင်းသွားတော့ မျက်လုံးက ကောင်းကောင်းမမြင်ရဘူး ပြောတော့ လှည့်ကြည်လိုက်တော့ ခေါင်းပြားကြီးမြင်လို့လန့်ပြီး ဆိုင်ကယ်က ဓာတ်တိုင်ကိုဝင်တိုက်ပြီး သတိမေ့သွားရောတဲ့ဗျာ။ ဒါနဲ့ လူပျိုကြီးလည်း သရဲမကို မြင်ဖူးချင်တာပေါ့။ ညဘက် ၁၁ နာရီလောက် မြတောင်တိုက်ရှေ့ကို ဆိုင်ကယ်နဲ့သွားတာပေါ့ လမ်းပေါ်ဘယ်သူရှိသလဲကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး။ သြော် သူရဲမက ဂျူတီချိန်မရေ
ာက်သေးလို့ မလာသေးတာနေမှာပါဆိုပြီး လက်ဘက်ရည်ဆိုင်သွားထိုင်နေလိုက်တယ်။ ၁ ခွဲလောက်ရောက်တော့ ဒီအချိန်ဆိုရင် ရောက်လောက်ပါပြီ ဆိုပြီးထွက်လာလိုက်တယ် ဒါလည်း ဘယ်သူမှမတွေ့ဘူး။ ဟိုဟိုသည်သည်ရှာလိုက်တော့ ခပ်လှမ်းလှမ်းမှာ လူရိပ်တွေ့လိုက်တယ်။ ထင်လိုက်တာပေါ့ သူရဲမကအဝေးကလာရတာကိုး ဒါ့ကြောင့်နောက်ကျနေတာပေါ့။ အောင်မယ်ကိုယ့်ကြည့်လိုက်တော့ လက်ရပ်ခေါ်နေတယ်ဗျာ။ ဒီတစ်ခါတော့ သူရဲမတော့ မြင်ဘူးပြီဆိုပြီးဆိုင်ကယ်လေး အရှိန်လျော့ပြီးသွားလိုက်တော့ ကျွန်တော့်ကို စကားလှမ်းပြောတယ်။ “သွပ်ပြားတစ်ယောက်တည်း သရဲကြောက်လို့ မသွားရဲလို့ လမ်းကြုံလိုက်ချင်တယ် မောင်လေးရယ်တဲ့”။ ဒီတစ်ခါမှ တစ်ကယ်ကို ခေါင်းနားပန်းကြီးသွားတယ် ဟာအခြောက်ကြီး သရဲမထက်ကြောက်စရာကောင်းတယ် ဆိုပြီးဆိုင်ကယ်ကို ဂီယာချိန်းပြီးတော့ အသားကုန်မောင်းထွက်လာခဲ့ရတယ်။ သရဲဆိုတာ မမြင်ဘူးလို့ မကြောက်ပေမယ့် ဂန်ဒူးတော့မြင်ဖူးတော့ လူပျိုကြီးလည်း ကြောက်လို့ပြေးခဲ့ဖူးတာပေါ့ဗျာ…..။