ငယ်ဘဝအမှတ်တရများ (၂)
Sat 14 August 2010
ရပ်စောက်မှာခဏနေပြီး ကျောင်းဖွင့်တော့ မန္တလေးပြန်ရတယ် မကြာပါဘူးအရေးအခင်း ဖြစ်တော့ကျောင်းပြန်ပိတ်တော့ အဖေကပြန်လာခေါ်တော့ တောင်ကြီးကိုရောက်ပါတယ် အဲဒီမှာလည်း အမေကအလုပ်ပြောင်းမရသေးတာနဲ၌ မလိုက်လာနိုင်သေးတော့ အဖေကသူ့သူငယ်ချင်း လူပျိုကြီးများနဲ့ပဲ တစ်အိမ်မှာပေါင်းနေရတယ် ရပ်စောက် ဦးဦးလူပျိုကြီးများထဲက နှစ်ယောက်လည်း တောင်ကြီးအိမ်မှာရောက်နေတော့ တစိမ်းရယ်တော့မဟုတ်ပါဘူးလေ။ နောက်ထပ် အသစ်တိုးတဲ့ ဦးဦးလူပျိုကြီးနှစ်ယောက်မှာ တစ်ယောက်ကတော့ အရက်အတော်သောက်ပါတယ် ဦးမြင့်သန်းလို့ခေါ်တယ် ကျောက်ဆူးတံဆိပ်ဘီယာ သောက်နေကျဖြစ်လို့သူ့နာမည်ကို အများကကျောက်ဆူးလို့ ခေါ်ကြပါသေးတယ်။ နောက်တစ်ယောက်က ဦးဝင်းမော်လို့ခေါ်တယ် ရပ်စောက်ကဦးဦးနှစ်ယောက်က သိပ်မကြာဘူးတစ်ခြားမှာ တာဝန်ကျသွားတော့ နောက်တော့သူတို့ နှစ်ယောက်ပဲ ကျွန်တော့်ကိုထိမ်းပါတယ်။
မနက်မိုးလင်းတာနဲ့ ထုံးစံအတိုင်း ဂျီကျတာပါပဲ ကျားခေါင်းရုံးအောက်နားလေး မင်းလမ်းဘေးက လေထိုးကျွတ်ဖာဆိုင်နဲ့ တွဲဖွင့်ထားတဲ့ ရှမ်းခေါက်ဆွဲကို စားချင်ပါတယ်ပြောတယ် လက်ဘက်ရည်ဆိုင်က ပလာတာစားချင်တယ် အမြဲအော်ပါတယ်။ သူတို့ရုံးပြန်လာရင် တောင်ကြီးဟော်တယ်ထဲက မုန့်ဆိုင်ကနေ ပေါင်မုန့်ကို မုန့်ကြိုးလိမ်လိုလိမ်ပြီး ဖုတ်ထားတဲ့ ပေါင်မုန့်ဝယ်လာရတယ် မပါရင်တော့ အဲဒီ့ညတော့ပြဿနာရှာပြီပဲ မုန့်ကြိုးလိမ်မရလို့ အလုံးဝယ်လာရင်လည်း မစားပါဘူး။ ငယ်တုံးကတော့ အဲလိုပဲလူကြီးတွေကို အမြဲဒုက္ခပေးပါတယ် အစားလည်းအင်မတန် ရွေးပါတယ်။ နောက်ကြီးလာတော့ မရွေးလွန်းလို့ခက်တယ် အဲဒီ့ ဦးဦးတွေ ကြီးတော့ပြန်တွေ့တော့ အစုံစားတဲ့ကျွန်တော့်ကိုမြင်တော့ ဒီကောင်ငယ်ငယ်က ဒို့ကိုသက်သက် ဒုက္ခပေးတာဆိုပြီး ပြောလို့မဆုံးတော့ပါဘူး။
ငယ်ငယ်ကတည်းက စပ်စပ်စုစုလည်း အတော်မေးပါတယ်။ ဦးဝင်းမော်ကတော့ တစ်ခါရုပ်ရှင်ြပမယ်ဆိုပြီး ခေါ်သွားတာ အိမ်ြပန်ရောက်တဲ့အထိ မြင်သမျှမေးလိုက်တာ အိမ်နားက လမ်းသွားရင်း ဆေးလိပ်မသောက်ရဆိုတဲ့ ဆိုင်းဘုတ်ကို စက်ဘီးစီးရင်းကျတော့ရော သောက်လို့ရသလားလို့ မေးပြီးကတည်းက သူလည်းကျွန်တော့်ကို နောက်ရုပ်ရှင်ပြမခေါ်တော့ပါဘူး။ နေတဲ့အိမ်က သရဲခြောက်တယ်လို့ နာမည်ကြီးပါတယ် ဦးဝင်းမော်ကတော့ သုံးလေးခါအခြောက်ခံရတယ်ပြောတယ် သူကအဲလိုလည်း နည်းနည်းကြောက်တတ်တယ် ဦးမြင့်သန်းကတော့ ကြောက်ပုံမပေါ်ဘူး သရဲကပဲသူ့ကြောက်လို့လားမသိ သူ့တော့သရဲကမခြောက်ဘူး။ အဲဒါနဲ့ ဘုန်းကြီးဆွမ်းကပ် ပရိတ်တရားနာလုပ်တာပေါ့လေ။
နေ့လည်ပိုင်းကျတော့ ဦးဝင်းမော်က ပရိတ်သဲတွေကို အိမ်ကိုပတ်ပြီးတော့ဖြူးပါတယ် အဲဒါကိုလိုက်ပြီးကြည့်တယ် အဲဒါတွေက ဘာလုပ်တာတုံးမေးကြည့်တယ် မကောင်းဆိုးဝါးမဝင်အောင် ပရိတ်သဲဖြူးရတယ်တဲ့။ အဲဒါနဲ့ မကောင်းဆိုးဝါးက ဘယ်လိုဟာတုံးမေးတော့ သူလည်းစိတ်ရှည်လက်ရှည် ဟိုလိုဒီလိုပြောပါတယ် ခက်တာကကိုယ်ကလည်း မမြင်ဖူးတော့နားမလည်ဘူး။ အဖေကကြားသွားတော့ ကိစ္စအေးအောင်ဝင်ပြောပေးတယ် မကောင်းဆိုးဝါးဆိုတာ နမူနာပြောရရင် ဦးမြင့်သန်းကိုပြောတာတဲ့။ ဒါနဲ့အတော်စိတ်ဝင်စားမိတယ် ဒီသဲဖြူးထားရင် ဦးမြင့်သန်းဝင်မရဘူးပေါ့ ဘယ်လိုဖြစ်သလဲ စိတ်ဝင်စားလို့ အိမ်ပေါက်ဝကထိုင်စောင့်တာပဲ။ အဲဒါနဲ့ဦးမြင့်သန်း ဒုက္ခရောက်တာပဲ နောက်ကြီးလာမှ အဲဒီ့တုံးက အကြောင်းတွေပြောပြတယ် အဲဒီ့ညက ကျွန်တော်အိပ်မှ ဦးမြင့်သန်းကို ပြန်လာခိုင်းရတယ်။ ဒါတောင်မနက်မိုးလင်းတော့ ဒီလူကြီးဘယ်လိုဝင်လာသလဲ လုပ်နေလို့အတော်ရှင်းယူရတယ်ပြောတယ်။
ဦးမြင့်သန်းကလည်း ကျွန်တော့်ဒဏ်ကို အတော်ခံရပါတယ် အဖေ့ထက်တော့သူက အတန်းငယ်လို့ ဂျူနီယာဖြစ်ပေမယ့် သူကအိမ်အလုပ်တွေကြောင့် ဆယ်တန်းအောင်တော့ ကျောင်းဆက်မတက်ပဲ ၃ နှစ်လောက်အလုပ်လုပ်နေလို့ ဘွဲ့ရတာနောက်ကျတာ နောက်ပြီးတော့ အမေနဲ့က ကျောင်းနေဖက်သူငယ်ချင်း ဖြစ်လေတော့ ငယ်ကတည်းက ကျွန်တော့်ကိုသူပဲ ထိမ်းတာများပါတယ်။ တကယ်ကသူက ကလေးရောလူကြီးရော တစ်ပြိုင်တည်း ထိမ်းတာပေါ့လေ။ အန်တီသီတာနဲ့ချိန်းတွေ့တိုင်း အိမ်ကအထွက်အပြကောင်းအောင် ကျွန်တော့်ကိုထိမ်းမယ်ဆိုပြီး အပြင်ထွက်တာပဲ။ အရက်သောက်တာ အလွန်အကျွံဖြစ်ရင်တော့ မကောင်းဘူးဆိုရမယ် ဦးမြင့်သန်း အသက်သိပ်မရှည်ခဲ့ဘူး အသည်းအသန်ြဖစ်တော့ ဆေးရုံမှာတစ်ခါတွေ့တယ်။ ဆုံးသွားတဲ့အချိန် ခရီးထွက်နေလို့မရောက်နိုင်ခဲ့ဘူး ဘာမှအမျိုးမတော်ပေမယ် ဦးလေးအရင်းတစ်ယောက်လိုပဲ ဖြစ်နေခဲ့လို့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်။