ပုံပြင်စာအုပ်
Sat 16 October 2010
ငယ်ငယ်က ညီအစ်ကိုနှစ်ယောက် ကိုရင်ဝတ်တော့ ကျောင်းထိုင်ကိုယ်တော်ကြီးက ဆော့လွန်းလို့ထိမ်းမနိုင်တာနဲ့ ဖတ်စရာစာအုပ်ကလေးတွေ ပေးပါတယ်။ မှတ်မှတ်ရရ ဘုန်းကြီးကျောင်းဆိုတော့ ဘုန်းကြီးကျောင်းနဲ့ဆိုင်တဲ့ ပုံပြင်စာအုပ်လေးတွေရှိပါတယ် ဖတ်လို့ကောင်းတာက လူထုဦးလှရေးတဲ့ ကျောင်းကန်အနီးက မြန်မာပုံပြင်များစာအုပ်ပါ။ ငယ်တုံးကသဘောကျတာက ရယ်ရတာလည်းပါပါတယ် ကလေးဆိုတော့ ကိုယ်ကလည်းကိုရင်ဝတ်နဲ့ဆိုတော့ တိုက်ဆိုင်တာလည်း ပါတယ်ပေါ့။ ကြီးလာတဲ့အထိ အဲဒီ့စာအုပ်ကို သဘောကျတုံးပါ ပုံပြင်ဆိုပေမယ့် ဗမာ့ဓလေ့ကိုပေါ်လွင်တယ် အခုခေတ် ကလေးတွေကိုလည်း အဲဒါတွေကိုသိစေချင်မိတယ် ဗမာအကြောင်း ဗမာမှမသိရင် အင်မတန်ရှက်စရာကောင်းလှတယ်။ စကားပြောရင် ဥပမာနဲ့ပြောတတ်တဲ့ ကိုယ့်လိုလူအတွက်တော့ စာအုပ်ထဲကပုံပြင်အတိုလေးတွေဟာ သဘောကျစရာလေးတွေပါ အဲဒီ့စာအုပ်ဟာ အခုအချိန်မှာပြန်ရှာဝယ်လို့ မရသလောက်ဖြစ်သွားတယ်။ ဒီနေ့ပဲ အဲဒီ့စာအုပ်ကို Myanmar Ebooks မှာတွေ့လို့ ဝမ်းသာမိတယ်။ အောက်မှာပြထားတဲ့လင့်မှာ ယူလို့ရပါတယ်။
http://www.myanmarebooks.net/?p=3177အခုအချိန်အထိ ကျွန်တော်ဘယ်တော့မှ ဖတ်လို့မရိုးတဲ့ ပုံပြင်စာအုပ်တွေဆိုရင် ဗန်းမော်ဆရာတော်၊ စကားတောင်စား၊ ဇော်ဂျီတစ္ဆေပြောသောပုံပြင်များ အဲဒါတွေကိုပြရမယ်။ ကလေးတွေအတွက် ဗမာ့လူနေမှု့ကိုလည်း သိသွားမယ် ဒေသအလိုက်မတူညီတဲ့ စကားလုံး အသုံးအနှုံးကိုလည်း သိလာမယ် ဘာပဲဖြစ်ဖြစ်ကောင်းပါတယ် အတုယူမှားစရာ အကြောင်းအရာ တစ်ခုမှမပါပါဘူးလေ။ ဘာသာပြန်ပုံပြင်တွေ အများကြီးတွေ့မိတယ် တကယ်တော့ ဒါတွေဟာ ဒုတိယဦးစားပေးတွေပါ စင်ဒရဲလားမသိလို့လည်း ဘာမှမဖြစ်ပါဘူး တစ်ထောင့်တစ်ညလို ကုလားပုံပြင်လည်း မသိချင်နေပါစေဦး ဗမာပုံပြင်တော့ သိသင့်ပါတယ်လေ။ ဘာပဲဖြစ်ဖြစ် ကျောင်းကန်အနီးမှ မြန်မာပုံပြင်များကို ပြန်ဖတ်ခွင့်ရတာကိုပဲ ဝမ်းသာလှပါတယ်။