ယောနသံဇင်ယော်
Mon 27 December 2010ဟိုတစ်လောက မေကျော်က စာအုပ်တစ်အုပ် ဖတ်ဖူးလားမေးလို့ သတိရမိတယ်။ သူမေးတဲ့စာအုပ်က ယောနသံဇင်ယော် ဆိုတဲ့စာအုပ်ပါ။ ကိုးတန်းလောက်က အဖေ့ဆီကနေ ယောနသံဇင်ယော်ကို လက်ဆောင်ရဖူးတယ် စာအုပ်ကတော့ အဲဒီ့အချိန်ကိုပဲ အတော်လေးဟောင်းနေပါပြီ။ ယောနသန်ဇင်ယော်ရဲ့ မူရင်းစာအုပ်နာမည်က Jonathan Livingston Seagull ရေးတဲ့လူက Richard Bach ဗမာလိုဘာသာပြန်သူက ဓမ္မိကဦးဘသန်း။ စာအုပ်ကလေးက ပါးပါးလေးပါ ဒါပေမယ့် မူရင်းကနေ ဘာသာအတော်များများကို ပြန်ဆိုပြီးသားရှိတယ် ၁၉၇၀ ခုနှစ်ကပုံနှိပ်ပါတယ် အခုအချိန်အထိလည်း အကြိမ်ကြိမ်ပြန်လည် ပုံနှိပ်နေရပါတယ်။ ဗမာလိုဘာသာပြန်စာအုပ်ကိုပဲ အခုအချိန်မှာပြန်ပြီးပုံနှိပ်တာ အကြိမ်ရေအတော်ကိုများပါတယ်။
ယောနသံဇင်ယော်မှာ ဇာတ်ဆောင်ဟာ ဇင်ယော်လေး တစ်ကောင်ပါ။ စာအုပ်မှာအခန်း သုံးခန်းပဲပါပါတယ် ပထမအခန်းမှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက် ကိုယ့်အားကိုယ်ကိုးတယ် အများနဲ့ကွဲထွက်လာတယ် သင်းကွဲဖြစ်လာတယ် ဒါပေမယ့် ကိုယ့်လမ်းကိုကိုယ် ပုံကြမ်းဖော်နိုင်တယ်။ ဒုတိယအခန်းမှာ သင့်လျော်တဲ့ဆရာတွေ တွေ့လာတယ် သူ့ရဲ့ဇာတိငှက်အုပ်ကို စွန့်ခွာခဲ့တယ် ဘယ်လောက်ပဲ ဆရာဆီမှာသင်ပါစေ ကိုယ်ပိုင်အတတ်ပညာတော့ ရှိအောင်ကြိုးစားရပြန်တယ်။ တတိယအခန်းမှာ သင့်လျော်တဲ့ တပည့်တစ်ယောက်ကိုတွေ့တယ် သူနဲ့သင့်လျော်မယ့် လမ်းညွှန်မှု့ပေးသလို လက်ဆင့်ကမ်းပေးတယ်။
လူတစ်ယောက်နဲ့တစ်ယောက် ဖတ်ပြီးခံစားပုံချင်းမတူနိုင်ဘူး တစ်ယောက်ရဲ့ဘဝ ဖြတ်သန်းခဲ့ပုံနဲ့တစ်ယောက်ဟာ အနည်းနဲ့အများကွာခြားကြပါတယ်။ ငယ်တုံးကဖတ်တုံးက ခံစားချက်နဲ့အခုအချိန်မှာ ခံစားချက်ဟာ ကွဲပြားနေတာသတိထားမိတယ်။ အခုတော့အလွယ်ပြောရရင် သုံးခန်းအတွက် သုံးခုလောက်အကျဉ်းချုပ် မှတ်ထားတယ် ပထမဆုံးက ဘယ်သူ့မှအားမကိုးပဲ ကိုယ့်လမ်းကိုယ်လျှောက်ပေါ့ ရူးရင်ရူး မရူးရင်ထူးရမယ် ဒုတိယအခန်းအတွက်က တပည့်သေချာမှ ဆရာလာတယ်ဆိုတဲ့ ရှေးဟောင်းအိန္ဒိယဆိုရိုးရှိတယ် ထိုက်တန်မယ့်ဆရာတော့ တစ်ချိန်မှာတွေ့မှာပါ။ ဆရာသင်ပေးတာထက် ပိုပြီးဖောက်မထွက်နိုင်ရင် ဘယ်တော့မှပညာမတတ်ဘူး။ တတိယအခန်းကတော့ သူ့အိုးနဲ့သူ့ဆန်တန်တဲ့ တပည့်လည်းတွေ့ဦးမှာပါ ဘယ်သူလဲဆိုတာတော့ သတိထားကြည့်ရမယ် လူတိုင်းကိုအတင်းလိုက်ပေးရင်တော့ လူပေါကြီးလည်းဖြစ်နိုင်တယ် သတိထားရမယ်။ နောက်ငါးနှစ်ဆယ်နှစ်နေလို့ ပြန်ဖတ်မိရင်တော့ ဒီအမြင်တွေထပ်ပြောင်းနိုင်တယ် အခုတော့ဒီလိုပဲခံစားမိတယ်။