44th Anniversary of Asahi Traditional Karatedo Organization
Sat 28 December 2013Karate သမား အဖေဖြစ်သူနဲ့ နေခဲ့ရသမျှ Karate တော့ကစားခဲ့ရတာပါပဲ သူမသင်နိုင်တော့တဲ့ ကျန်းမာရေးအခြေအနေနဲ့ အချိန်ရောက်သွားတာရယ် သင်တန်းတခုမှာ သတ်သတ်မှတ်မှတ် ဖြစ်အောင်ဆိုပြီး သင်တန်းတခုကို ပို့လိုက်တော့ Asahi ကိုရောက်ခဲ့ဖူးပြီးတော့ နှစ်အတော်ကြာအောင်ကို ကစားခဲ့ပါသေးတယ်။ နောက်ပိုင်း ကျောင်းချိန်ကြောင့်ရယ်နဲ့ နားလိုက်ပြီးတော့ တခြားကိုရောက်သွားခဲ့တာပါ။ Asahi ဆိုတာက မန္တလေးမှာ ပထမဆုံးမဟုတ်ပေမယ့် လက်ရှိအခြေအနေမှာတော့ နှစ်အကြာဆုံး တည်ရှိနေတဲ့ Karate အသင်းတခုပဲ။ Asahi Karate အသင်းကို ၁၉၆၉ မှာ ဆရာကြီးဉီးကျော်ညွန့်နဲ့ ဆရာကြီးရစ်ချတ်က တည်ထောင်ခဲ့တာပါ။
တိုက်တိုက်ဆိုင်ဆိုင် ဒီတခေါက်အိမ်ပြန်ရောက်တော့ Asahi အသင်းရဲ့ ၄၄ နှစ်မြောက် နှစ်ပါတ်လည် ဆရာကန်တော့ပွဲနဲ့ Karate ပြပွဲတခု လုပ်မယ်ဆိုတာနဲ့ တိုက်ဆိုင်နေတယ်။ တကယ်ကတော့ အသင်းက ၅ နှစ်တခါပဲ အသင်းနှစ်ပါတ်လည် လုပ်လေ့ရှိပါတယ် မှတ်မှတ်ရရ ကိုယ်ရောက်ပြီးတော့ ပထမဆုံးကြုံခဲ့တဲ့ အသင်းနှစ်ပါတ်လည်က အနှစ် ၃၀ ပြည့်ပါ အခုတခါတော့ အသင်းနေရာကလည်း ရောင်းလိုက်ပြီဖြစ်တာရယ် အသင်းတည်ထောင်တဲ့ ဆရာရစ်ချတ်လည်း အနားယူတော့မှာ ဖြစ်တဲ့အတွက် ၄၄ နှစ်မြောက်ကို လုပ်တာဖြစ်တယ်ဆိုတော့ ဆရာကြီးတွေကို တွေ့ရလို့ဝမ်းသာပေမယ့် နောင်တချိန်မှာ ကိုယ်ကစားခဲ့တဲ့ သင်တန်းနေရာလို့ မရှိတော့မှာရယ် ဆရာကြီးလည်း အနားယူတော့မှာရယ်နဲ့ ဝမ်းနည်းစရာလည်း ကောင်းပါတယ်။
အသင်းမှာ ကိုယ်ရောက်တဲ့အချိန်မှာ ဆရာဉီးကျော်ညွန့်က ကျန်းမာရေးကြောင့် မကစားနိုင်တော့တဲ့ အချိန်ဖြစ်တာကြောင့် စကားလည်း မပြောဖြစ်သလောက်ဖြစ်တော့ ငယ်ကတည်းက စပြီးတော့သင်လာတဲ့ ဆရာရစ်ချတ်နဲ့ပိုပြီးတော့ တရင်းတနီးရှိခဲ့ဖူးတယ် ကိုယ်ကလည်း မေးခွန်းကခပ်များများ အသင်းမှာရေးထားတဲ့ ဂျပန်စာလုံးတွေကို ရောက်ကာစက တလုံးချင်းလည်း ဆရာရစ်ချတ်ကိုမေးဖူးတယ် ဆရာပတ်တဲ့ အဖြူနဲ့အနက် ခါးပတ်ကိုလည်း ဆရာ့ခါးပတ်ကဘာလို့ စပ်ကြားဖြစ်နေတာလဲကနေ ပေါက်ပေါက်ရှာရှာ မေးခွန်းပေါင်းစုံ မေးဖူးတိုင်း ဆရာကြီးကတော့ ဒီကောင်ကြံကြံဖန်ဖန်တွေ ရှာဖွေလာပြီး မေးပြန်ပြီဆိုပြီး မေးတိုင်းလည်း စိတ်ရှည်လက်ရှည် ဖြေပေးပါတယ်။ ခင်တာနဲ့စည်းကမ်းနဲ့ တခုစီအဖြစ်ထားတဲ့ ဆရာရစ်ချတ်ဆီကနေ ကျောင်းကနေပြေးလာလို့ အချိန်မှီတဲ့ရက်တွေဆို “သားကစားတော့သွား ၁၅ မိနစ်နောက်ကျလို့ ရက်တော့မရဘူး” ဆိုပြီး ရက်ပျက်ခဲ့ရတဲ့နေ့တွေလည်း အများကြီးရှိခဲ့ဖူးတာပါပဲ။
ပြပွဲကမနက် ၇ နာရီစမယ်ဆိုတော့ လာခေါ်မယ့် ညီတယောက်က ရောက်မလာသေးပဲ နောက်ကျနေတာနဲ့ ကိုယ်ကလည်း နောက်ကျနေရင် ဆရာကြီးကို စကားပြောချိန်မရမှာ စိုးရိမ်တာနဲ့ အိမ်ကနေ တယောက်ထဲပဲ ထွက်လာခဲ့တော့တယ် အသင်းထဲကိုရောက်တော့ ကိုယ့်ကိုသိတဲ့ဆရာတွေလည်း အနည်းငယ်ကျန်ပါသေးတယ် ရောက်ရောက်ချင်း ဆရာတိုးကမှတ်မိလို့ ဆရာကြီးကို နှုတ်ဆက်ကွာဆိုပြီး အမှတ်တရလာခေါ်တယ် ဆရာရစ်ချတ်ကို အလေးပြုပြီးတော့ နှုတ်ဆက်တော့ ဆရာကြီးက နာမည်အရင်းတော့ အတိအကျမမှတ်မိဘူးကွာ တလုံးပဲမှတ်မိတယ်ဆိုပြီး ကစားတဲ့အချိန်ကို ကိုယ့်ကိုခေါ်နေကျ နာမည်ကိုခေါ်တယ် တကယ်ပဲမှတ်မိလို့ နှုတ်ဆက်လို့ မျက်ရည်လည်မိသေးတယ်။ ကင်မရာဆွဲလာတာမြင်တော့ ဆရာကြီးက ခွင့်တောင်းစရာမလိုဘူး သားဓာတ်ပုံရိုက်ချင်တာရိုက် ဆရာကတော့လူများတော့ အလုပ်များတယ်ကွယ်ဆိုပြီး ခဏစကားပြောပြီး ဆရာကြီးလည်း တခြားလာတဲ့လူတွေကို နှုတ်ဆက်ရင်း အလုပ်များနေတယ်။
ခဏနေတော့ ဆရာကြီးဉီးကျော်ညွန့်လည်း အိမ်ထဲကထွက်လာတယ် အခမ်းအနားမစခင်မှာ ဆရာကြီးနှစ်ယောက် စကားပြောနေတာ ငေးကြည့်ပြီးတော့ ကိုယ်လည်းစိတ်ကတော့ ဝမ်းနည်းမိပါတယ် အသင်းတခုမှာ နှစ်ပေါင်းများစွာ မပျောက်မပျက် အတူတည်ထောင်ခဲ့ကြတဲ့ ငယ်သူငယ်ချင်း နှစ်ယောက်ကို ကြည့်နေရင်းနဲ့ ဘေးကနေတဲ့ကိုယ်တောင် ဝမ်းနည်းမိရင် သူတို့ကိုယ်တိုင်လည်း ဘယ်လောက် စိတ်မကောင်းဖြစ်ကြလေမလဲ အခမ်းအနားစတော့ ဆရာကြီးဉီးကျော်ညွန့်က အမှာစကားပြောရင်းနဲ့ ဆရာရစ်ချတ်အနားယူတော့မယ့် အကြောင်းအရောက်မှာ ဆရာကြီးလည်း မျက်ရည်ဝဲလာပြီးတော့ အသံလည်းဆို့ဝင်သွားပြီး ဆက်မပြောနိုင်တော့ပဲ ဒါပါပဲကွယ်ဆိုပြီး စကားပြောကိုရပ်လိုက်ရတယ် နားထောင်နေတဲ့ ကိုယ်တွေလည်း မျက်ရည်ဝဲပေါ့။
ပထမဆုံးအနေနဲ့ အသင်းသားအားလုံးက Heian Nidan ကို ကစားအပြီးမှာ သရုပ်ပြပွဲကိုလုပ်ပါတယ် သရုပ်ပြပွဲကတော့ Karate ပြပွဲထုံးစံအတိုင်းပါပဲ ကကွက်တွေ၊ အမာခံခွဲစိတ်တာတွေ၊ အလွတ်ခုခံကာကွယ်တာတွေ ပြသပါတယ်။ အသင်းခွဲတွေဖြစ်တဲ့ မုံရွာ၊ ရန်ကုန်က လာတဲ့ဆရာတွေရော မန္တလေးအသင်းချုပ်က ဆရာတွေသင်တန်းသားတွေရဲ့ ပြကွက်တွေနဲ့ ပြည့်ပြည့်စုံစုံပါပဲ။ ပြပွဲအပြီးမှာတော့ အသင်းကနေပြီးတော့ မြန်မာဆန်ဆန် မုန့်ပြစ်သလက် အကြော်စုံရယ် လက်ဘက်ရည်နဲ့ ဧည့်ခံပါတယ်။ လတ်လတ်ဆတ်ဆတ် စားစေချင်တဲ့အတွက် မုန့်ပြစ်သလက်သည်ကို အသင်းထဲမှာခေါ်ပြီးတော့ မုန့်ကိုချက်ချင်းလုပ် ချက်ချင်းစားရတာ ပျော်စရာကောင်းလှပါတယ်။
ပြပွဲလည်းအပြီး စားလို့လည်းအပြီးမှာတော့ ဆရာကြီးနှစ်ယောက်ကို အခြေအနေကြည့်ပြီးတော့ အားတာနဲ့သွားပြီးတော့ နှုတ်ဆက်ရင်းပြန်ခဲ့ရတော့တယ်။ ဒီအသင်းဝင်းထဲကနေ အကြိမ်ကြိမ် ပြန်ထွက်လာဖူးတယ် မကစားနိုင်တော့လို့ ဆရာရစ်ချတ်ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လာနှုတ်ဆက်ရင်း ပြန်လာခဲ့ဖူးသလို Karate မကစားဖြစ်တော့ပေမယ့်လည်း မကြာခဏလာခဲ့ဖူးတယ် ပြန်ခဲ့ဖူးပါတယ် ဒါပေမယ့်ဒီတကြိမ်တော့ နောက်တခါပြန်လာရင် ဒီနေရာမှာမရှိတော့ဘူးဆိုတဲ့အသိရယ် ဆရာကြီးတယောက်လည်း အသင်းကနေအနားယူပြီဆိုတဲ့ အသိရယ်နဲ့ ထွက်လာခဲ့တဲ့နောက်မှာ ဒီတကြိမ်ဟာ စိတ်အလေးလံဆုံးပါပဲ။