မန္တလေး နေ့ရက်များ (၆)
Mon 08 June 2015အလုပ်ကိစ္စနဲ့ ရန်ကုန်ကို ခဏသွားနေရတော့ မအားလပ်ပေမယ့် မန္တလေးတော့ ခဏသွားချင်မိတယ်။ အချိန်လုပြီးစီစဉ်တော့ သောကြာညသွား တနင်္လာမနက် ရုံးတက်ချိန်အမှီ ပြန်လာနိုင်ရင်ရတယ် ပင်တော့ပင်ပန်းတယ်ပေါ့ သို့ပေမယ့် အမေ့အိမ်ဆိုတော့ ပြန်မယ်ပဲဆုံးဖြတ်ပြီး သောကြာနေ့ညသွား တနင်္ဂနွေ့နေ့ ညပိုင်းပြန်ဆိုပြီး ၂ ညအိပ်ဆိုပြီး လူသက်သာအောင်တော့ လေယာဉ်နဲ့ပဲပြန်ခဲ့တယ်။ ဘယ်အချိန်ပဲပြန်ပြန် မအားလည်း ရအောင်လာကြိုတဲ့ ညီတော်မောင်ရှိတော့ လေဆိပ်ကနေ အိမ်ကိုရောက်ဖို့က ပူပန်စရာကမရှိပါဘူးလေ။ သောကြာနေ့ညနေပိုင်း ရန်ကုန်ကနေထွက်ပြီး မန္တလေးကိုထွက်လာခဲ့တယ် နည်းနည်းပြောင်းလဲတာက GMA ဖြစ်မယ် အရင်က Budget Airline ဆိုတော့ ဘာမှအကျွေးအမွေး ပါလေ့မရှိပေမယ့် ဒီတခါတော့ အကျွေးအမွေးပါတယ် ဘာလို့ရယ် မေးမနေပါဘူး ကျွေးတော့လည်း စားလိုက်တာပါ။
မန္တလေးလေဆိပ် မဆင်းခင်မှာ လေယာဉ်ပေါ်မှာ ပြင်ပအပူချိန် ကြေငြာတော့ ညနေစောင်းလို့ နေဝင်တာတောင် ၃၇ ဒီဂရီဆိုတော့ နည်းနည်းတော့ ဘုရားတမိတယ် ကိုယ့်အိမ်မှာက ကိုယ်အိပ်တဲ့ အိမ်အပေါ်ထပ်က အင်မတန်ပူတယ် ဘယ်လိုအိပ်ရပါ့မလဲ စဉ်းစားပြီးလာခဲ့ရတယ် အိမ်ရောက်ရောက်ချင်း အမေဖြစ်သူက မင်းအပေါ်ထပ်က မင်းရဲ့အခန်းမှာတော့ မအိပ်နိုင်ပါဘူး ငါနဲ့သာ အိမ်အောက်ထပ်မှာပဲ အိပ်ပါ ၂ ယောက်စာ ငါပြင်ထားပြီးသားဆိုတော့ ဝင်ကြည့်တော့ သူ့အတွက်က စောင်အပြည့်နဲ့ ကိုယ်ဘက်တခြမ်းက စောင်မပါနဲ့မြင်တော့ ငိုအားထက် ရယ်အားသန် အမေဖြစ်သူက အအေးဒဏ်မခံနိုင်တော့ Aircon ဖွင့်မအိပ်ဘူး ကိုယ့်လာတော့ လက်နက်အပြည့်အစုံနဲ့ စောင်ခြုံအိပ်မယ်ဆိုတဲ့သဘော။
၂ ညအိပ်ပဲနေမယ်ဆိုတော့ ဝေးဝေးလံလံလည်း သွားလို့မရပါဘူးလေ မြို့ထဲမှာပဲ သူငယ်ချင်းတွေနဲ့ တွေ့မယ်စိတ်ကူးတယ် သို့ပေမယ့်လည်း ကြာလာတာနဲ့အမျှ သွားစရာလည်စရာ သူငယ်ချင်းလည်း မရှိသလောက်ဖြစ်လာတယ် မန္တလေးမှာကျန်တဲ့ သူငယ်ချင်းဆိုတာက လက်ချိုးရေလို့ရတဲ့ အခြေအနေကို ရောက်စပြုနေပြီမဟုတ်လား။ အိမ်မှာပဲနေပြီး အမေနဲ့အဒေါ်ကြီး ဝယ်ကျွေးတာပဲစား အပြင်ကိုမထွက်ဖြစ်သလောက်ပါ။ အိမ်မှာနေတော့မှ ပြန်လာတိုင်း ကိုယ့်ကိုကြောက်လို့ ရှောင်နေကြတဲ့ ဘယ်တော့မှ မတွေ့ဖြစ်တဲ့ ညီမဝမ်းကွဲ ၂ ယောက်နဲ့ တွေ့ဖြစ်တော့တယ်။
ကိုယ်အိမ်ထဲထိုင်နေတုံး အငယ်မက အိမ်ထဲကိုဝင်လာတော့ ဟဲ့လာဦး ဘာဖြစ်လာလဲဆိုတော့ ကိုယ့်မြင်တော့ ပြေးမရတော့လို့ ပေစောင်းစောင်းနဲ့ ဝင်လာပြီးတော့ ကျွန်တော်အိမ်နဲ့ စကားများလာဗျဆိုတော့ မကျေမနပ်နဲ့ အကြီးမကျတော့ ယုံတယ်ဗျာတဲ့ အခုကျတော့ သူလုပ်သွားတာ မဟုတ်လည်း အိမ်ကမပြောဘူးတဲ့ ဘာလုပ်သွားဆို သုံးစရာပိုက်ဆံမရှိလို့ ဘောလုံးပဲဒိုင်ခံတာ ရှုံးသွားလို့ ဝတ်ထားတဲ့ လက်ဝတ်လက်စားတွေ ပေါင်ပြီးတော့ လျော်လိုက်လို့ အိမ်ကလိုက်ပြီး ရွေးထားရတယ်တဲ့ ကျွန်တော့်ကျတော့ အလုပ်လုပ်ဖို့ပါဆိုတာတောင် အရင်းအနှီးမပေးဘူး ကိုကိုကြီးလိုက်ပြီး အာမခံပေးဗျာ လုပ်နေတယ်။ ကိုယ့်ညီမအကြောင်း ကိုယ်သိလေတော့ မယုံရဲဘူးလေ နေပါဦး ငါ့ညီမက ဘာအလုပ် လုပ်မှာတုံးဆိုတော့ ကျွန်တော်က ဘီယာဆိုင် ဖွင့်မလို့ပါ ဆိုနေဗျာဆိုတော့ ကိုယ်လည်း “ဟေ…“ လို့ပဲပြောနိုင်တော့တယ်။ ငါမအားသေးဘူး အချိန်ရမှပဲလာခဲ့မယ် သွားပြန်တော့ဆိုပြီး ချော့ပြီးတော့မှ ပြန်လွှတ်လိုက်ရတော့တယ်။
အိမ်ပြန်တိုင်း ကျေးဇူးတင်ရမယ့် လူတွေကတော့ အွန်လိုင်းပေါ်က ဂိမ်းနှိပ်ဖော်နှိပ်ဖက်တွေပဲ ဘယ်အချိန်ရောက်ရောက် အချိန်မရလည်း ရအောင်လာတွေ့တယ် လူစုံတော့ မူးအောင်သောက်မယ် လုပ်နေကြလို့ မလုပ်ပါနဲ့လို့ ပြန်လာတုံးလည်း Aikido သင်တန်းကို သွားရမှာဖြစ်လို့ မူးအောင်တော့ မသောက်ပါရစေနဲ့ဆိုပြီး မနည်းငြင်းရတယ်။ ပြန်မယ့်မနက်ခင်းတော့ ကွန်ပျူတာ တက္ကသိုလ်က ကလေးတသိုက်နဲ့တော့ တွေ့ဖြစ်လိုက်ပါတယ် တခါတခါတော့ ဒီကလေးတွေ ကိုယ်လာတိုင်းလာလာ စကားပြောနေတာ ကိုယ့်ဆီကနေ အမြင်မတော်တိုင်း ပါးစပ်ကအငြိမ်မနေ ပြောတဲ့အကျင့်ကူးပြီး ဆရာဆရာမတွေနဲ့ ချဉ်ဖတ်ဖြစ်ပြီး ပျက်စီးမှာလည်း စိုးရိမ်ရသေးတယ် မဟုတ်လား သို့ပေမယ့်လည်း မျိုးဆက်မပြတ်ရအောင် ပြောမြဲအတိုင်းပဲ ပြောလွှတ်လိုက်ပါတယ်။
အပြန်ကတော့ ထုံးစံအတိုင်းပဲ တံတားဦးလေဆိပ်ပေါ့ လေဆိပ်ကတော့ ဘယ်အချိန်ပဲ ရောက်ရောက် အထဲရောက်တာနဲ့ မတော်မတည့်က အမြဲဖြစ်ရတာပါပဲ လေဆိပ်ထဲဝင်တော့ ပြည်တွင်းနဲ့ ပြည်ပဆိုပြီးတော့ ဝင်တဲ့အပေါက် ၂ ပေါက်တွေ့တော့ ပြည်တွင်းဘက်ကို ဝင်လိုက်တော့ လူကဘယ်သူမှမရှိဘူး တမျှော်တခေါ်က မြင်နေရတဲ့ ပြည်ပဆိုတဲ့ဘက်ကနေ လက်ယပ်ခေါ်တော့ အပြင်ပြန်ထွက်ပြီး တပတ်ပတ်ပြီး ပြည်ပဘက်က ထပ်ဝင်ရပြန်တယ်။ Check In လုပ်ပြီးတော့ အထဲရောက်တော့ အတော်ကိုပူပါတယ် Aircon တွေက အကုန်ပိတ်ထားတော့ Aircon ရှိတဲ့ ကော်ဖီဆိုင်ထဲသွား ငုတ်တုတ်ထိုင်နေရတော့ ကော်ဖီဆိုင်နဲ့ လေဆိပ်နဲ့များညှိပြီး Aircon တွေပိတ်ထားလား သံသယဝင်မိပါသေးတယ်။ လေယာဉ်ကတော့ အချိန်မှန်ပဲရောက်ပါတယ် ဒါပေမယ့် ရန်ကုန်ရောက်တော့ မိုးရွာနေလို့ ဆင်းမရလို့ အပေါ်မှနည်းနည်း ပိုကြာသွားတယ် တနည်းပြောရရင်တော့ ပိုတန်သွားတယ် ခေါ်မလားပဲ။ အချိန်လုသွားရတော့ ဘယ်မှလည်း မရာက်ပေမယ့် ကိုယ့်အတွက်ကတော့ မန္တလေးမှာနေတဲ့ နေ့ရက်ဖြစ်ရင်ပဲ ကျေနပ်ရပါတယ်လေ။