DevCon2015 Yangon and Me
Mon 23 November 2015နိုဝင်ဘာလ ဒုတိယပတ်လောက်က စပြီးတော့ ရန်ကုန်မှာ အလုပ်ကိစ္စနဲ့ ရောက်နေတော့ မတွေ့တာကြာတဲ့ ကိုသာသာနဲ့တွေ့ဖြစ်တယ် ထမင်းစားရင်းနဲ့ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းတွေပြော နောက်တော့ DevCon ရှိတယ် ပြောမယ့်လူနည်းနေတယ် ခင်ဗျားမပြန်သေးရင် လာခဲ့ပါဦးဆိုတော့ အလုပ်နဲ့ဆိုတော့ မလာဖြစ်လောက်ဘူး ထင်တယ်လို့ ၁၅ ရက်နေ့ပြန်မယ်လို့ နောက်များအားရင် လာခဲ့ပါ့မယ်ပဲပြောရတယ်။ အဲဒီနောက်မှာတော့ စကားနောက်တရားပါ ဘယ်သူကံကောင်းပြီး ဘယ်သူကံဆိုးတယ် ပြောရခက်ပါတယ် အလုပ်ထဲကပြဿနာတွေနဲ့ ပြန်မယ့်လက်မှတ်ကို ရွှေ့လို့မရတာကိုတောင် Cancel လုပ်ပြီးတော့ နောက်တစောင်ထပ်ဝယ်ပြီး ပြန်မယ့်ရက်ကို ၂၁ ရက်ကိုထပ်ရွှေ့ရတယ် အဲဒီနောက်မှာမှ နောက်တခါရွှေ့ရပြန်ပြီး ဘယ်နေ့ပြန်ရမယ်မသိတဲ့ အဖြစ်ကိုရောက်တယ်။
မပြန်ဖြစ်တာနဲ့ ၁၉ ရက်နေ့ညနေမှ ကိုသာသာကို ကျုပ်ကတော့ ပြန်လို့မရသေးဘူး လုပ်စရာရှိရင်ပြောဆိုတော့ Speaker ထည့်လို့ရသေးတယ် ခင်ဗျားနာမည်ကို ကျုပ်ထည့်လိုက်မယ် ဘာအကြောင်းပြောမလဲ အခုပြောဆိုတော့ အဲဒီမှာဂွကျတာပဲ ကိုယ်ကလည်း ဘာပြောရမလဲ ကိုယ့်ဟာကိုယ်မသိ ပရိုဂရမ်ဆိုတာကလည်း ကိုယ်ရေးတဲ့ဟာတွေက နားလည်အောင်က မနည်းပြောရမယ့် အခြေအနေဖြစ်တာတယ် ဘယ်သူမှလည်း စိတ်မဝင်စားမှာရယ်နဲ့ ပေါ့ပေါ့ပါးပါးပေါ့ လူတွေနဲ့ကွန်ပျူတာတွေအကြောင်း ပြောတာပေါ့လို့ လွှတ်ကနဲ့ပြောလိုက်မိတယ် အင်း.. HCI ဆိုပြီးတော့ ကျုပ်ခေါင်းစဉ်တခု လုပ်ပြီးတော့ ထည့်ထားမယ်ဆိုပြီးတော့ ပြောမယ့်လူစာရင်းနဲ့ နောက်ဆုံးမိနစ်လူအဖြစ် ပါသွားတော့တယ်။
ကိုယ့်ဒုက္ခကိုယ်ရှာတာပါ ရန်ကုန်မှာ ပိုနေရတယ်ဆိုတာ တခုခုကကိုယ့်အတွက် မှားနေတယ်လို့ပြောရမှာ အလုပ်တွေကလည်း သောက်သောက်လဲ ပြဿနာတက် ရန်ကုန်ရုံးမှာလည်း နားပန်းသတ်နေရတယ် ပိုဆိုးချင်တော့ ကိုယ်ပိုင်ကွန်ပျူတာ မယူလာခဲ့လိုက်ဘူး ရုံးကွန်ပျူတာပဲ ယူလာခဲ့တော့ ကိုယ်ပိုင် Data တွေအကုန်လုံးက တခုမှမပါလာဘူး စနေနေ့ပြောဖို့အတွက် သောကြာနေ့ည သန်းခေါင်အထိ အလုပ်ရှုပ်နေလို့ ဘယ်လိုမှ Presentation အတွက် ပြင်ဆင်လို့မရသေးဘူး ၁၂ နာရီလောက် တည်းတဲ့နေရာပြန်ရောက်တော့ စဉ်းစားဖြစ်တာက မပြည့်မစုံနဲ့ဆိုရင် လာနားထောင်တဲ့လူတွေကို လိမ်နေသလိုဖြစ်မယ် လူဘယ်လောက်ပဲရှိရှိ အချိန်တော့အလဟသတ် မကုန်စေချင်ဘူး အဲဒီတော့ရှာလို့ရတဲ့ Resources တွေနဲ့ နည်းချင်လည်းနည်းမယ်ပေါ့ ဒါပေမယ့် ရေရေရာရာ Knowledge တခုတော့ ရအောင်ပေးရမယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့ ပြင်ရဆင်ရတယ် ဒါလည်းပဲ မနက် ၄ နာရီလောက်မှ အိပ်လိုက်ရတယ်။
မနက်ကို မောင်ပြုံး ၉ နာရီလောက် ဖုန်းဆက်မှနိုးလို့ ဖွင့်ပွဲလည်းမမှီပါဘူး Keynote ဘယ်သူတွေ ဘာပြောသွားလဲလည်း ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် မသိလိုက်ပါဘူး ရောက်သွားတော့ ၁၀ ခွဲလောက်ဖြစ်နေပြီ ကိုသာသာတယောက်တော့ ပြေးလွှားနေတာမြင်ရတယ်။ ဗမာ့နည်းဗမာ့ဟန်ပေါ့ လူမရှိမှာစိုးလို့ မောင်ပြုံးနဲ့တခြား သူငယ်ချင်းတွေကို မုန်ကျွေးမယ်ဆိုပြီး ချော့ခေါ်ထားတာရှိတယ် သူတို့အားလုံး အခန်း ၂၀၃ မှာရှိတယ်ဆိုတော့ အဲဒီအထဲသွားပြီးတော့ ငုတ်တုတ်ထိုင်မိတော့ သူရမျိုးညွန့်ရဲ့ Function the Ultimate ဆိုတဲ့ section ထဲရောက်သွားတယ် အဲဒီမှာပဲ နောက်မှာနေတဲ့ သူ့လူကိုယ့်ဘက်သားလူတစုနဲ့ ရေးထားတာတွေကို စာလုံးပေါင်းစစ်ကြတာပေါ့ ပျော်စရာကြီးပါ။ အဲဒီထက်ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတာက နေ့လည်စာကြက်ဆီထမင်းပါ Speaker တွေကို မကျွေးဘူးဆိုလို့ နည်းနည်းတော့ တောင်းပန်လိုက်ရတယ်။
နေ့လည်ပိုင်းလည်း တခြားအခန်းတွေ သိပ်စိတ်မဝင်စားတာနဲ့ အခန်း ၂၀၃ မှာပဲရှိတယ် Machine Translation, Voice Recognition, Security စသည်ဖြင့် ကိုယ့်ရှေ့မှာ ပြောသွားတဲ့လူ ၃ ယောက်လုံး ကောင်းကြပါတယ် ပရိတ်သတ်အနေအထားရ သူတို့တတွေ ပြောသွားတာကို နားလည်တဲ့လူတော့ အတော်လေး နည်းမယ်လို့ထင်တယ်။ ကြည့်ရတာ အခန်း ၂၀၃ ဟာ ကောင်းတော့ကောင်းတယ် ဒါပေမယ့်လို့ ပေါ်ပြူလာမဖြစ်နိုင်လို့ လူလည်းနည်းနိုင်လို့ မဲဇာပို့ထားတာများ ဖြစ်မလားဆိုပြီး တွေးမိသေးတယ်။ ကိုယ့်အလှည့်ရောက်တော့ နောက်ဆုံးအချိန်လည်းဖြစ်တော့ လူအနေအထားကတော့ အားရစရာကောင်းတယ် ကိုယ်ခေါ်လာတဲ့လူပဲရှိတယ်။ ထင်သလောက်တော့ အခြေအနေမဆိုးပါဘူး စပြီးတော့ရှေ့ပိုင်းမှာ မိတ်ဆက်နေတုံးမှာ ရောက်လာကြလို့ လူကတော့မနည်းမများ ရှိသွားပါတယ်။ ပွဲပြီးတော့လည်း ကိုယ့်ကတိအတိုင်း လိုက်ကျွေးပါတယ် ပိုက်ဆံမလောက်လို့ ပရိတ်သတ်ထဲက လိုတဲ့ဟာလေး စိုက်လိုက်ရတာတော့ နည်းနည်းရှိတာပေါ့လေ။
Voice
Presentation
http://www.calmhill.com/data/devcon2015.pdf
ပြန်ကြည့်လို့ရအောင်ရယ် အကယ်၍များ လာခဲ့တဲ့လူတွေထဲက စိတ်ဝင်စားခဲ့လို့ တခြားလူတွေကို ပြောချင်တယ်ဆိုရင် လွယ်အောင်ဆိုပြီးတော့ အသံတော့သွင်းထားလိုက်တယ် Presentation Slides တွေနဲ့ယှဉ်ကြည့်ရင်တော့ အနည်းနဲ့အများတော့ ဆက်စပ်လို့ရနိုင်လိမ့်မယ် အခက်အခဲတခုက ကိုယ်ပြောချင်တဲ့စကားတွေက ဘယ်တော့မှ Presentation ထဲမှာထည့်မရေးဘူး ပြောချင်တဲ့စကားတွေ မေ့မှာစိုးလို့သာ Presentaion မှာ တိုလီထွာလီထည့်ထားတော့ Presentation ပဲကြည့်ရင်တော့ အဓိပ္ပာယ်ရှိမှာ မဟုတ်လောက်ဘူး ပြသွားခဲ့တဲ့ Example တချို့ကတော့ ရေးခဲ့ဖူးတဲ့ articles တွေကိုယူသုံးထားတာဖြစ်ပေမယ့် တချို့တွေကတော့ အပြင်မှာမရှိဘူး အဲဒီအပိုင်းလေးတွေတော့ နည်းနည်း ပျောက်နေတာရှိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့လေ DevCon2015 Yangon မှာ ဘယ်အရာကို အမှတ်တရဖြစ်လဲမေးရင် နောက်ဆုံးနေ့ညမှာကျွေးတဲ့ ဝက်သားဒုတ်ထိုးကို ပြမိလိမ့်မယ်ထင်တယ်။