ငါမသေခင်
Sat 11 March 2017မဆလခေတ်နှောင်းမှာ ငါ့ကိုမွေးတာ
၇၅ ကျပ်တန်တွေ တရားမဝင်ဖြစ်တဲ့နေ့က
အမေငါ့ကိုမူကြိုက ကြိုပြီးအပြန်
ရောင်စုံခဲတံ ဝယ်ပေးမယ်ဆိုတဲ့နေ့ပေါ့
သုံးလို့ရတဲ့ ပိုက်ဆံထပ်မပါတော့
ခဲတံလေးလည်း မရလိုက်ပါဘူး
ကျောင်းနေစ အရွယ်လည်းရောက်
ခေတ်ကပျက် ကျောင်းတွေစပြီးပိတ်
ဖုတ်လိုက်ဖုတ်လိုက်နဲ့
သပိတ်မှောက်လိုက် ပစ်လိုက်ခတ်လိုက်
ငြိမ်သွားပြန်ရင် တခုခုနဲ့ပြန်စ
လုပ်စရာမရှိလို့ မဟာမြတ်မုနိကိုယ်တော်ကြီးကို
ကလိသွားထိုးတာတောင် မြင်ဖူးသေးတယ်
ဆိုင်ဆိုင်မဆိုင်ဆိုင်လေ
ကုလားဗမာရိုက်ကြတာတွေနဲ့
နှစ်တွေကိုဖြတ်သန်းလာခဲ့တာ
တက္ကသိုလ်ဘယ်တော့တက်ရမှာလဲ
ဘုရားမှပဲသိတဲ့အချိန် ဆယ်တန်းအောင်
စစ်ထဲဝင်ကွာဆိုပြီး အစ်ကိုဝမ်းကွဲက
လျှောက်လွှာတင်ပေးသေးတယ်
မျက်စေ့လည်ပြီး အောင်သွားရင်ဆိုပြီး
မေးခွန်းဖတ် ခုံနံပါတ်လည်းမထိုး
စာရွက်ဗလာနဲ့ ပေးပြီးလာခဲ့ဖူးတယ်
ဖြေခဲ့ရင်လည်း အောင်မယ်လို့ မကြွားမိပါဘူး
တော်ရာကျောင်းကနေ
ဘွဲ့ကတော့ရခဲ့ပါသေးတယ်
စိတ်ဓာတ်တခါမှ မကျခဲ့ဖူးပါဘူး
ကိုယ့်အရှေ့က လူတွေထက်
ကိုယ်အများကြီး ကံကောင်းသပေါ့
ကိုယ်သူငယ်တန်းတုံးက
ဆယ်တန်းဖြေခဲ့တဲ့ အစ်မဝမ်းကွဲဟာ
ကိုယ်ဆယ်တန်းရောက်မှ
House ဆင်းတာပြီးတာ
အင်တာနက်ဆိုင်မှာ မှတ်ပုံတင်နံပါတ်ရယ်
တနာရီကို ငွေတထောင်ကျော်နဲ့
ကျော်ခွပြီးတော့ သုံးခဲ့ဖူးတာ အမှတ်ရတယ်
ဖွဲ့စည်းပုံအတည်ပြုဆိုတော့
တရားဝင်အနေနဲ့ ဆဲခွင့်ရတဲ့နေ့ဆိုပြီး
No လို့ပေးခဲ့တာ
ပထမရွေးကောက်ပွဲက ဘယ်လိုပြီးမှန်းမသိ
ရွေးစရာမရှိတဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲကို
လေယာဉ်လက်မှတ်အကုန်ခံ ခွင့်ယူအိမ်ပြန်ပြီး
မနက်အစောကြီး မဲပေးခဲ့သေးတာ
အခုသမ္မတရွေးခံရတဲ့နေ့က ငါရန်ကုန်မှာ
အခုသင်္ကြန် ၅ ရက်ပြန်ဖြစ်ပြီ
အဲဒီထက် အတိတ်ပြန်သွား
အကြိုနေ့ဆိုတာ ရုံးဖွင့်ခဲ့တယ်လို့
ငါဘယ်သူ့ကိုမှ လက်မတို့ပါဘူး
တိုက်တိုက်ဆိုင်ဆိုင် ဘယ်အချိန်ပဲဖြစ်ဖြစ်
ဗရုပ်သုတ်ခဖြစ်တဲ့ အချိန်တိုင်းလိုလို
မြန်မာပြည်မှာငါရှိပါတယ်လို့ပြောရလောက်အောင်
ဒီနိုင်ငံနဲ့ငါက ရေစက်ပါလာတာ
“ငါမသေခင်တော့ မြန်မာပြည်ကြီး ကောင်းလာတာ မြင်ဖူးမှာပါတဲ့”
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က
ဆုံးပါးသွားခဲ့တဲ့ ငါ့အဖေပြောခဲ့တာ
ပြန်ပြောင်းသတိရတယ်
ငါဒို့လည်းအဲလို ဆက်ပြောကြတာပေါ့
အဲလိုပြောမိပြန်ရင်လည်း
မျက်လုံးအပြူးသားနဲ့ လူတွေဝိုင်းကြည့်ခံရတာပဲ
အဖတ်တင်ပြီးတော့ ဘယ်သူ့ကိုပြောမှာလဲဆို
ငါအိမ်ထောင်မကျတဲ့ကိစ္စက
လူစိတ်ဝင်စားစရာထပ်ဖြစ်ရဦးမယ်။
(ခရစ်နှစ် ၂၀၁၇ မတ်လ ၁၀ ရက် ညသန်းခေါင်ယံ
ဥက္ကလာပတိုင်း တိုက်ခန်းတနေရာ)