အိန္ဒိယခရီးစဉ် (၄)
Sun 24 February 2019အိန္ဒိယကိုသွားရင် နိုင်ငံခြားသားတွေအတွက် အာဂရာ (Agra) လိုနေရာတွေက လူသိများပေမယ့် ဟာရေဝါ (Haridwar) ဆိုတာကတော့ နိုင်ငံခြားသား မသွားသလောက်ဖြစ်တဲ့ နေရာဖြစ်ပါတယ်။ နိုင်ငံခြားသားတွေ မသွားပေမယ့် ဟာရေဝါဆိုတာက ဟိန္ဒူတွေအတွက် တသက်မှာတခါ မသွားမဖြစ်တဲ့ ဂင်္ဂါမြစ်ကမ်းပေါ်က အထွဋ်အမြတ် နေရာတခုပါ။ ဟာရေဝါမှာဆိုရင် ကွန်(မ်)မီလ (Kumbh Melas) လိုခေါ်တဲ့ ပွဲတော်တွေဟာ ၁၄၄ နှစ်တခါ မဟာကွန်(မ်) (Maha Kumbh)၊ ၁၂ နှစ်တခါ ပူးနကွန်(မ်) (Purna Kumbh)၊ ၆ နှစ်တခါ အာဒဟကွန်(မ်) (Ardh Kumbh) ကျင်းပလေ့ရှိတယ်။ ကွန်(မ်)မီလဆိုရင် ကိုယ့်လူမျိုးတွေအတွက် တရင်းတနီးမရှိပေမယ့် ဂင်္ဂါမြစ်ရေချိုးတဲ့ပွဲလို့ ပြောမယ်ဆိုရင်တော့ ကြားဖူးနားဝရှိတဲ့လူ ရှိနိုင်ပါတယ်။ ကွန်(မ်)မီလပွဲတော်ဆိုရင် နေရာအနှံ့က ယောဂီတွေ ဆာဒူးတွေ တကမ္ဘာလုံးက ဟိန္ဒူဘာသာဝင်တွေ ဂင်္ဂါမြစ်မှာ အပြစ်တွေကို ဆေးကြောဖို့ဆိုပြီး လာလေ့ရှိပါတယ်။ တောင်ပြုံးပွဲတော်မှာ လူစည်တယ်ပြောရင် ကွန်(မ်)မီလပွဲတော်က ရယ်ပါလိမ့်မယ်။ ၂၀၁၀ ဇန်နဝါရီ မှာကျင်းပခဲ့တဲ့ ကွန်(မ်)မီလပွဲမှာ ပွဲစချိန်ကနေ ၃ လအတွင်းမှာ ခန့်မှန်းခြေအားဖြင့် သန်း ၄၀ လောက် လာခဲ့တယ်လို့ဆိုတယ်။
ဟာရေဝါကို သွားဖို့အတွက် အာဂရာဘူတာရုံကို ရောက်တဲ့အချိန်မှာ ညနေ ၇ နာရီခွဲလောက် ရှိနေပြီဖြစ်သလို ရာသီဥတု အခြေအနေကလည်း နှင်းတွေကျနေပါပြီ။ ဘူတာရုံအပြင်ဘက် ကားကွင်းနားမှာ စောင့်နေကြရင်းနဲ့ ခရီးသွားကုမ္ပဏီကပို့ထားတဲ့ ကားဒရိုင်ဘာရဲ့ ဖုန်းဆက်တဲ့အချိန်မှာပဲ ပြဿနာစပါတယ်။ ခရီးသွားကုမ္ပဏီက ကိုယ်တွေရောက်တဲ့နေ့မှာ ဖုန်းဆက်တာမရလို့ မသွားဖြစ်ဘူးထင်လို့ ခရီးစဉ်ကို ဖျက်ထားတယ်လို့ ကားဒရိုင်ဘာက ပြောပါတယ်။ လွန်ခဲ့တဲ့ ၄ လကတည်းက ကြိုပြောထားတာ စင်္ကာပူကနေ ထွက်မလာခင်လည်း သေချာပါတယ်လို့ အီးမေးပို့ပြီးသားပါ ရောက်တဲ့ရက်ကတော့ ဖုန်းကဆက်လို့ ရချင်မှရမှာပေါ့ မင်းတို့နိုင်ငံက ဖုန်းတွေအကြောင်း မင်းတို့သိသားပဲဆိုပြီး ဘာဒရီနဲ့ ခရီးသွားကုမ္ပဏီက မန်နေဂျာနဲ့ တိုက်ပွဲတွေ စပါတော့တယ်။
၁၀-၁၅ မိနစ်လောက် အခြေအတင်ပြောပြီးတော့ နောက်ထပ်ကားဒရိုင်ဘာ တယောက်ထပ်ရှာပြီးတော့ လွှတ်ပေးပါ့မယ် ၈ နာရီတော့ မရောက်နိုင်လောက်ဘူး ၉ နာရီကျော်အထိ ရောက်သွားနိုင်တယ်ဆိုပြီး သဘောတူညီချက် ရပါတော့တယ်။ ၉ နာရီကျော်မှဆိုတော့ ဘူတာအပြင်ဘက် နှင်းတွေထဲမှာနေလို့ အဆင်မပြေတာနဲ့ ဘူတာထဲမှာပဲ ထိုင်စောင့်ကြရတယ်။ ကိုယ့်အတွက်ကတော့ လူစုံတဲ့ဘူတာရုံဆိုတာ ဓာတ်ပုံရိုက်လို့ အဆင်ပြေတော့ အရှုံးမရှိပါဘူး။ ၉ နာရီကျော်လောက်မှာ ခရီးသွားကုမ္ပဏီက မန်နေဂျာက ဘူတာရုံကို လာကြိုတဲ့ကားရောက်ပြီလို့ ဖုန်းဆက်ပြီးတော့ ဟာရေဝါကိုလိုက်ပို့မယ့် ကုမ္ပဏီရုံးခန်းကို အရင်ဝင်ပြီးတော့ ကားပြောင်းရမယ့် အကြောင်းကို ဖုန်းဆက်လာပါတယ်။ လာကြိုတဲ့ကားနဲ့ တဆင့်ခံပြီးတော့ ဟာရေဝါကို အာဂရာကနေ ညပိုင်း ၁၀ နာရီလောက်မှပဲ ထွက်လာနိုင်ခဲ့ကြတယ်။
ဟာရေဝါကို သွားတဲ့လမ်းက ညပိုင်းလည်းဖြစ်လို့ လမ်းဘေးဝဲယာကို သတိမထားခဲ့မိပါဘူး ကားလမ်းအခြေအနေက အတော်လေးကောင်းပါတယ်။ ညပိုင်း ၁၁ ကျော်လောက်မှာ နှင်းတွေသည်းလာပြီး မီတာ ၃၀ လောက်ဆိုရင် ကောင်းကောင်း မမြင်ရတဲ့အတွက် ကားဒရိုင်ဘာလည်း ဖြည်းဖြည်းပဲ မောင်းနိုင်ပါတယ်။ ကားထဲမှာတော့ Heater ပါတဲ့အတွက် ပြင်ပအပူချိန်က ကားထဲကလူတွေအတွက် ပြဿနာမရှိပါဘူး။ ကားလမ်းအနေနဲ့ အသွားလမ်းနဲ့ အပြန်လမ်းနဲ့ဟာ လမ်းလယ်ကျွန်း ရှိတဲ့အတွက် မျက်နှာချင်းဆိုင်က ကားမလာနိုင်လို့ စိုးရိမ်စရာမရှိပါဘူး။ တနေကုန် လမ်းလျှောက်ပြီး ပင်ပန်းလာတဲ့အတွက် သန်းခေါင်လောက်မှာ စိတ်အေးလက်အေးနဲ့ အိပ်ပျော်သွားတယ်။ မနက် ၃ နာရီလောက် နိုးလာတော့ နှင်းအခြေအနေက ပိုဆိုးလာနေပြီး ကားရှေ့ကို ၁၀-၁၅ မီတာတောင် ကောင်းကောင်း မမြင်ရတော့ပါဘူး။
မနက် ၄ နာရီလောက်မှ အဝေးပြေးလမ်းပေါ်က Cheetal Grand ဆိုတဲ့ စားသောက်ဆိုင်မှာ ခဏဝင်နားပြီး မနက်စာအဖြစ် လက်ဖက်ရည် ကော်ဖီသောက်နားတယ်။ ကားဒရိုင်ဘာလည်း ခဏအိပ်မယ်ဆိုလို့ ၁ နာရီလောက်နားပြီး မနက် ၅ နာရီလောက်မှ ဟာရေဝါကို ခရီးဆက်ခဲ့ကြတယ်။ မနက်ခင်းမှာ နှင်းစဲသွားပြီးတော့ အလင်းရောင်လည်း ပြန်ရလာမှ ကားမောင်းရတာ ခရီးတွင်ပြီး ဟာရေဝါကို မနက် ၇ နာရီလောက်မှာ ရောက်သွားကြတယ်။ ဟာရေဝါရဲ့ အပူချိန်ဟာ ဒေလီထက်အေးပြီး ကိုယ်ရောက်တဲ့နေ့က ၇ ဒီဂရီ ရှိပါတယ်။ ရောက်ရောက်ချင်း တည်းခိုဖို့အတွက် Airbnb ကနေ စီစဉ်ထားတဲ့ အိမ်ကိုအရင် သွားကြရတယ်။ အိမ်ရှင်အဒေါ်ကြီးက သားသမီးတွေ အိမ်ထောင်ကျသွားလို့ တယောက်ထဲ သူ့အိမ်တွေကို လှည့်နေရင်းနဲ့ သူရှိတဲ့နေရာတွေမှာ Airbnb လက်ခံပေးတာ အတော်လည်း ဖော်ဖော်ရွေရွေ ရှိပါတယ်။ အိပ်ခန်းတွေက အကျယ်ကြီးတွေဖြစ်ပြီး သန့်သန့်ပျံ့ပျံ့နဲ့ Heater လည်း ပေးထားသလို အိမ်သာရေချိုးခန်း အတော်အဆင်ပြေပါတယ်။ ၂ နာရီလောက် အိပ်ပြီးတော့မှ အပြင်ထွက်မယ်ဆိုပြီး အတုံးအရုံးနဲ့ ကျိုးကြရပါတယ်။
အိပ်ယာနိုးတော့ ရေချိုးအဝတ်အစားလဲနဲ့ မနက် ၁၀ လောက်မှပဲ မနက်စာနဲ့ နေ့လည်စာကို ပေါင်းပြီးစာရင်း မယ်တော်မံသဒေဝီ (Mata Mansa Devi) ဆိုတဲ့ ဘုရားကျောင်းကို ထွက်လာခဲ့ကြတယ်။ ဘုရားကျောင်းဟာ ဟာရေဝါမြို့ အပြင်ဘက်က ဂင်္ဂါမြစ်ရဲ့ တဘက်ကမ်းမှာရှိသလို နည်းနည်း ဝေးတဲ့အတွက် ကားနဲ့သွားရပါတယ်။ ဂင်္ဂါမြစ်ကမ်းကို ရောက်တယ်ဆိုရင်ပဲ ကွန်(မ်)မီလပွဲတော်ရက် မဟုတ်ပေမယ့် မြစ်ရေလာချိုးကြတဲ့ ယောဂီတွေနဲ့ ပွဲဈေးတန်းကြီးက အမြဲရှိပါတယ်။ ကွန်(မ်)မီလပွဲဆိုရင်တော့ Naga Sadhu လိုခေါ်တဲ့ အဝတ်အစားမပါတဲ့ ဆာဒူးမျိုးတွေ ဟိမဝန္တာဘက်ကနေ ဆင်းလာတတ်တယ် ဆိုပေမယ့်လို့ သာမန်အချိန်တွေမှာတော့ တွေ့လေ့မရှိပါဘူး။ ပွဲဈေးတန်းက အများအားဖြင့် ယောဂီတွေလိုအပ်တဲ့ အသုံးအဆောင်တွေဖြစ်တဲ့ အိုးခွက်တွေ အဝတ်အစားတွေ မြေဆေးတံတွေနဲ့ သောက်ဆေးတွေ အများဆုံးရောင်းပါတယ်။ ဘုရားကျောင်းက တောင်ပေါ်မှာရှိတဲ့အတွက် လမ်းလျှောက်တက်ရင်းနဲ့ ပွဲဈေးတန်းကို ဖြတ်သွားကြရတယ်။
ဘုရားကျောင်းရှိတဲ့ တောင်ထိပ်က နည်းနည်းမြင့်ပါတယ် မတက်နိုင်တဲ့ လူတွေအတွက် Cable Car ရှိပေမယ့် သူတို့ရဲ့ မလုံမခြုံနဲ့ Cable Car ကို ကြည့်ပြီးတော့ စိတ်မချတာနဲ့ လမ်းလျှောက်တက်ကြတယ်။ လမ်းတဝက်မှာ ရေဒီယိုလိုစက်တလုံးမှာ နားကြပ်လေး ၂-၃ လုံးလောက် တပ်ထားပြီး ခန္တာကိုယ်က သံလိုက်လှိုင်းတွေကို ဖတ်ပြီးတော့ ဘုရားကိုယ်တိုင် ဗေဒင်ဟောတယ်ဆိုတဲ့ ဘုရားကိုတောင် ခိုင်းစားနိုင်တဲ့ ဗေဒင်ဆရာ တယောက်တွေ့တယ်။ စမ်းကြည့်မယ်ဆိုတော့ ဘုရားက အင်္ဂလိပ်လို မပြေတတ်ဘူး ဟင်ဒီလိုပဲ တတ်တယ်ဆိုလို့ ဘာဒရီက တမီလိုလည်း သူပြောတတ်မှ ဖြစ်မှာပေါ့ဆိုပြီး အတင်းနားထောင်လည်း တမီဘာသာနဲ့ ဘုရားမဟောပါဘူး။ ဘာပဲဖြစ်ဖြစ် အင်္ဂလိပ်လို ဘုရားဟောတာ မကြားခဲ့ရလည်း AI တွေ လူတွေနေရာမှာ အစားထိုးဝင်လာတာ ဗေဒင်ဆရာတောင် မလွတ်ကင်းဘူးဆိုတာ သိခဲ့ရတာတခု အမြတ်ထွက်ပါတယ်။
ဘုရားကျောင်းကို ရောက်သွားတော့ လူများလွန်းတဲ့အတွက် တယောက်လာ လက်အုပ်ချီ ခေါင်းငုံ့ခိုင်း နောက်ကျောကို လက်ဝါးနဲ့ အုန်းကနဲ့ရိုက် နဖူးကိုအနီစက်တို့ သွားတော့ဆိုပြီး လူတန်းကြီးနဲ့ တန်းစီသွားရတာဖြစ်သလို ဓာတ်ပုံမရိုက်ရဆိုတဲ့ ဆိုင်းဘုတ်ကြီးက အုန်းသီးကိုင်ထားတဲ ဘုန်းကြီးတွေ နားမှာဆိုတော့ အုန်းသီးနဲ့လှမ်းထုတာ ခံရနိုင်တော့ ကင်မရာကို သိမ်းထားရပါတယ်။ မံသဒေဝီ ဘုရားကျောင်းကနေ ပြန်ဆင်းလာပြီး ပွဲဈေးထဲမှာ ပတ်နေတာနဲ့ ၂ နာရီ ထိုးသွားတဲ့အတွက် ကိုယ့်ကားဆီကို ပြန်သွားနေရင် အချိန်မရှိတဲ့အတွက် နောက်ထပ်သွားရမယ့် ဘုရားကျောင်းဖြစ်တဲ့ စန္ဒီဒေဝီ (Chandi Devi) ဘုရားကျောင်းကို သုံးဘီးငှားပြီးသွားရတယ်။ စန္ဒီဒေဝီဘုရားကျောင်းလည်း တောင်ထိပ်မှာရှိတဲ့အတွက် နောက်ထပ်တခါ နာရီဝက်လောက် လမ်းလျှောက်ပြီး တက်ရပြန်ပါတယ်။ ညနေပိုင်းလည်း ရောက်ပြီဖြစ်လို့ စန္ဒီဒေဝီဘုရားကျောင်းက လူသိပ်မရှုပ်တော့ပါဘူး။ ဘုရားကျောင်းထဲမှာကို ဘုရားတွေက များလွန်းတဲ့အတွက် နဖူးကလည်း အနီတွေ လိမ္မော်တွေနဲ့ အတို့ခံရတဲ့ ဆေးတွေစုံပြီး ချွေးထွက်လိုက် လက်နဲ့ပွတ်မိလိုက်နဲ့ ညနေစောင်းတော့ မျက်နှာလည်း ရောင်စုံဖြစ်နေပါပြီ။
ညနေ ၅ နာရီလောက်မှာ စန္ဒီဒေဝီဘုရားကျောင်းကနေ ဘာဒရီတို့လင်မယား အဓိကသွားချင်တဲ့ ဂင်္ဂါပူဇာ (Ganga Puja) ဆိုတဲ့ မီးထွန်းပွဲလုပ်မယ့် ဂင်္ဂါဘုရားကျောင်းရှိတဲ့ ရေချိုးဆင်းတဲ့ဘက်ကို ပြန်လာခဲ့ကြတယ်။ အချိန်နည်းနည်း စောနေသေးတော့ မြစ်ကမ်းဘေးမှာ လျှောက်သွားရင်းနဲ့ ရေထဲကို ခြေထောက်လေး ခဏဆင်းကြည့်တာ ၅ မိနစ်တောင် မနေနိုင်ပါဘူး အေးလွန်းတဲ့အတွက် ပြန်တက်လာခဲ့တယ်။ ဂင်္ဂါပူဇာဆိုတဲ့ မီးထွန်းပွဲဟာ နေ့စဉ်ညနေတိုင်း ဂင်္ဂါဘုရားကျောင်းဘေးမှာ လုပ်လေ့ရှိတယ်။ ၆ နာရီလောက်ဆိုရင် လူတွေစုံစပြုပြီးတော့ ဟိန္ဒူဘုန်းကြီးတွေ ဘုရားကျောင်းဘေးမှာ ထွက်လာပြီးတော့ ရွတ်ကျဖတ်ကြနဲ့ အပြီးသတ်မှာ မီးထွန်းပွဲရှိပါတယ်။ ကိုယ့်အမြင်ကတော့ ကိုယ့်ဆီက တရားပွဲလိုပါပဲ လော်နဲ့ဟောတာလည်း တူကြသလိုပဲ ဘုန်းကြီးတွေလည်း ယူနီဖောင်းအရောင် သိပ်မကွာကြပါဘူး ဆံပင်ပါတာနဲ့ မပါတာလောက် ကွဲပြားတယ်ပဲ ထင်တာပါပဲ။ မီးထွန်းပွဲ လုပ်နေတဲ့အချိန်လည်း ရေဆင်းချိုးနေတဲ့ လူတွေရှိပါတယ် အနည်းဆုံး ၁၀ ဒီဂရီအပူချိန်မှာ ဘယ်လောက်ကြီးမားတဲ့ ဘာသာရေး ယုံကြည်ချက်တွေနဲ့ ရေဆင်းချိုးရဲလဲ ကိုယ်လည်းမသိပါဘူး။
တရားပွဲနဲ့ မီးထွန်းပွဲပြီးတော့ ညနေ ၈ နာရီလောက် ရှိနေပါပြီ။ ဘာဒရီတို့က ဂင်္ဂါဘုရားကျောင်းထဲ ဝင်ချင်တယ်ဆိုလို့ ဝင်ပြီးတဲ့အချိန်မှ ညစားစားဖို့အတွက် ဆိုင်လိုက်ရှာရပါတယ်။ ဟာရေဝါမြို့ဟာ ဘာသာရေး အထွဋ်အမြတ် နေရာဖြစ်တဲ့အတွက် ဥပဒေအရ အသားငါးနဲ့ အရက်ရောင်းခွင့်မရှိပါဘူး။ ဂင်္ဂါဘုရားကျောင်းနားက မိုဟန်ကြီးပူရီဝါလား (Mohan Ji Puri Wale) ဆိုတဲ့ဆိုင်က အာလူးပူရီက နာမည်ကြီးတယ်ဆိုလို့ ညစာအဖြစ် သားသတ်လွတ် အာလူးပူရီ စားခဲ့တယ်။ သာမန်အားဖြင့် ၄ ယောက်စာ ညစာစားရင် ရူပီး ၂၅၀ လောက်ပဲ ကုန်ပေမယ့် မိုဟန်ကြီးမှာ စုစုပေါင်း ရူပီး ၅၀၀ ကျတဲ့အတွက် စျေးအကြီးဆုံးလို့ ပြောလို့ရပေမယ့် ကိုယ်စားဖူးသမျှ အာလူးပူရီထဲမှာ အကောင်းဆုံး ဖြစ်တဲ့အတွက် ပေးရတာတန်ပါတယ်။ ညစာလည်းစားပြီး တနေကုန်လည်း လည်လို့ပြီးပြီဆိုတော့ နားချိန်တန်ပြီဆိုပြီး ၉ နာရီလောက်မှာ တည်းခိုတဲ့နေရာကို ပြန်ခဲ့ကြတော့တယ်။