Calm Hill My Random Thoughts

Job Hunting in the Eastern Land

၂၀၂၃ ခုနှစ်ဟာ ကိုယ့်အတွက်တော့ အပြောင်းအလဲ အများဆုံးနှစ်လို့ ပြောရမယ်ထင်တယ် အိမ်ထောင်ကျသွားသလို ဆုံးဖြတ်စရာတွေလည်း အများကြီးဖြစ်လာတယ် အမျိုးသမီးဖြစ်သူက ကျောင်းတဖက်နဲ့ သုတေသနအလုပ်တွေနဲ့ နယူးဇီလန်မှာ ကိုယ်ကလည်း အလုပ်တဖက်နဲ့ စင်္ကာပူမှာဖြစ်နေ တယောက်တနိုင်ငံပေါ့။ ယာယီအားဖြင့် သူအလည်ပြန်လာလိုက်နဲ့ အဆင်ပြေပေမယ့် ရည်ရှည်အတွက်ကျ အဆင်ပြေတယ်မဟုတ်ဘူး တယောက်မဟုတ် တယောက်တော့ လက်ရှိအနေအထားကို ရပ်ထားခဲ့ပြီး လိုက်သွားမှပဲ အဆင်ပြေတော့မယ့် အခြေအနေဖြစ်လာတယ်။ နှစ်ပေါင်းများစွာနဲ့ အလုပ်အကိုင်လည်း အခြေတကျဖြစ်ပေမယ့် စင်္ကာပူနိုင်ငံရဲ့ Immigration policy တွေက ကိုယ်တွေအတွက် ရေရှည်မှာနေလို့ မဖြစ်နိုင်တာရယ် အမျိုးသမီးရဲ့ အလုပ်ကလည်း နိုင်ငံတိုင်းမှာ အလွယ်တကူ လုပ်လို့မရတဲ့ အလုပ်ဆိုတော့ သူအခြေကျတဲ့နေရာ ကိုယ်လိုက်သွားတာကပဲ အကောင်းဆုံးဖြစ်ဖို့ရှိလာတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ လုပ်လာတဲ့အလုပ်ကို နှုတ်ထွက်စာတင် ဆယ်စုနှစ်တစုကျော် နေလာခဲ့တဲ့ ဘဝတခုကို ထားခဲ့လိုက်ပြီး ဆံထုံးနောက်သျှောင်ပါ အမျိုးသမီးရှိတဲ့ နယူးဇီလန်ကို ၂၀၂၄ အစမှာပဲ မှီခိုအနေနဲ့ လိုက်သွားလိုက်တယ်။

ထွက်လာခဲ့တဲ့ အလုပ်ကလည်း လုပ်နိုင်သလောက် လုပ်ပါဦးဆိုပြီး Remote နဲ့ ပြန်ပေးထားတော့ အမျိုးသမီးအတွက် အကူအညီ လိုအပ်တာတွေ လုပ်ပေးရင်း Full-time Househusband အလုပ်ပဲ အိမ်မှာနေလိုက် ချက်လိုက်ပြုတ်လိုက် Part-time Remote အလုပ်နည်းနည်းလုပ်နဲ့ ရောက်ပြီးတော့ အချိန်အတော်ကြာတဲ့အထိ နေရာသစ်မှာ အသားကျအောင်နေရင်း အလုပ်မရှာဖြစ်ပါဘူး။ နေရာသစ်မှာ အသားကျဖို့ကလည်း လွယ်တယ်တော့ မဟုတ်ပါဘူး ညသန်းခေါင် အိမ်ပေါ်ကဆင်းလိုက်လည်း လမ်းပေါ်လူမပြတ် စားစရာဆိုင်မပြတ်တဲ့ နေရာကလာတော့ ညနေ ၅−၆ နာရီကျော်ရင် ဆိုင်အားလုံးနီးနီး ပိတ်တယ်ဆိုတဲ့ နေရာမျိုးမှာ တော်တော်နဲ့ အသားမကျဘူး။ ဒီနေ့လုပ်လိုက်ရင် မနေ့ကတည်းက ပြီးချင်တာဆိုတဲ့ နေရာကပြောင်းလာဖြစ်လို့ ဘဏ်စာရင်း ဖွင့်တာကစလို့ ဘာလုပ်လုပ် အနည်းဆုံး ၁ ပတ် ၁၀ ရက် စောင့်ရတဲ့နေရာမှာ စိတ်မြန်လက်မြန် အကျင့်ဖြစ်နေတဲ့ဘဝကို ရေလိုက်ငါးလိုက် နေတတ်သွားဖို့ အတော်ကြိုးစားယူရတယ်။

ရောက်ပြီး ၃ လလောက်နေမှပဲ အလုပ်စပြီးတော့ရှာဖြစ်တယ် ပြောလို့သာပြောတာ ကိုယ်ကအလုပ်တခုထဲမှာ ၁၄ နှစ်လောက် လုပ်လာခဲ့တော့ သူများကိုသာ ဆရာလုပ်လာတာ ကိုယ်တိုင်မှာတော့ CV တောင်မရှိပါဘူး အလုပ်စရှာတဲ့လူလို အစအဆုံး ပြန်ရေးရပါတယ်။ တနိုင်ငံနဲ့တနိုင်ငံ အကြိုက်ချင်းမတူကြတော့ CV ကလည်း ဘယ်လိုရေးတာ အဆင်ပြေလဲ လိုက်ရှာကြည့်ရတယ် အလုပ်အကိုင်အတွက် အစိုးရက လုပ်ပေးထားတဲ့ Careers လိုတွေမှာ ဝင်ကြည့်ပြီးတော့ CV နဲ့ Cover letter တွေကို အဆင်ပြေအောင် ပြန်ရေးရပါတယ်။ ၁၀−၁၅ နှစ်စာ ပရောဂျက်နဲ့ အလုပ်အပ်တဲ့လူပေါင်းများစွာ စုံစီနဖာအတွေ့အကြုံကို ၁−၂ မျက်နှာနဲ့ အဆင်ပြေအောင် ရေးဖို့ကလည်း တခြားလူကို ဆရာလုပ်ရင်သာ လွယ်တယ်ထင်ရတာ ကိုယ့်ဟာကိုယ်တော့ အတော်ခေါင်းခြောက်ရတယ်။ Househusband ဘဝနဲ့ အသားအကျလွန်ပြီး ရေလိုက်ငါးလိုက် နေတတ်သွားလိုက်တာ CV နဲ့ Cover letter ရေးတာနဲ့တင် ၁ လလောက် ကြာသွားတယ်ထင်တယ် အသေအချာမှတ်တောင် မမှတ်မိတော့ပါဘူး။

အလုပ်စရှာတော့ ကြုံတွေ့လာရတာက ပထမဆုံးမေးခွန်းက အလုပ်လုပ်ခွင့်ရှိတဲ့ ဗီဇာရှိရဲ့လားဆိုတာ အရင်ဆုံးမေးပါတယ် အလုပ်လုပ်ခွင့်ရှိတဲ့ ဗီဇာလက်ထဲမရှိရင် အလုပ်ရဖို့အတွက် ပထမအဆင့်ကိုပဲ မရောက်နိုင်ပါဘူး။ ဘာလုပ်တတ်လဲဆိုတာက နောက်တဆင့်မှပဲမေးကြပါတယ်။ ကိုယ်တွေအလုပ်ဆိုတာက ကုမ္ပဏီအမျိုးအစား အယုတ်အလတ်အမြတ်မရွေး လိုအပ်တာဖြစ်လို့ လျှောက်စရာအနေနဲ့ မရှားပါဘူးသလို ဗီဇာလည်းရှိနေတော့ ကိုယ့်အတွေ့အကြုံနဲ့ တိုက်ရိုက်ကိုက်တဲ့ အလုပ်တွေကို လျှောက်လိုက်လည်း ၁ ပတ်လောက်အတွင်းမှာ အဆင်မပြေဘူးပဲ အကြောင်းပြန်ပြန်လာတယ်။ ၁−၂ ပတ်လောက် အဲလိုဖြစ်နေတော့ မဟုတ်သေးဘူးဆိုပြီး အလုပ်ကြော်ငြာတွေမှာ ဆက်သွယ်စရာ ဖုန်းနံပါတ်တွေ ပေးထားလေ့ရှိတော့ ဖုန်းဆက်ပြီး ငါ့ကိုယ်ငါ Job descriptions နဲ့ ကိုက်တယ်ထင်တယ် ဒါပေမယ့် တခြားဘာပြဿနာရှိလဲ ငါ့ကိုပြောပါဆိုပြီးမေးတော့ တခြားဟာတွေ အဆင်ပြေပါတယ် ဗီဇာကလည်း ကန့်သတ်ချက်မရှိဘူး ဒါပေမယ့် သက်တမ်း ၁ နှစ်အောက် ဖြစ်နေလို့ပါလို့ ဖြေကြပါတယ်။ အဲဒီမှာတင်ပဲ ဗီဇာအမျိုးအစားအပြင် သက်တမ်းပါ ပြဿနာ လုပ်တယ်ဆိုတာ ထပ်သိရပါတော့တယ်။

အမျိုးသမီးရဲ့ ပတ်စပို့က သက်တမ်းကုန်ခါနီး ဖြစ်နေတဲ့အတွက် ဗီဇာကို ပတ်စပို့ရဲ့ သက်တမ်းအထိပဲ ပေးထားတယ် ကိုယ့်ရဲ့ ဗီဇာကလည်း သူ့အတိုင်းပဲဖြစ်လို့ လပိုင်းပဲရှိတဲ့ အခြေအနေဖြစ်နေတယ်။ အမျိုးသမီးရဲ့ ဗီဇာမှာတော့ ဘာအတွက်ကြောင့်လို့ ရေးပေးထားလို့ ပြဿနာမရှိပေမယ့် ကိုယ့်ဗီဇာမှာတော့ ဘာမှရေးမထားတဲအတွက် ရှင်းပြလို့မလွယ်ပါဘူး။ စင်္ကာပူနဲ့ကွာခြားချက်က ဒီဘက်မှာက ဗီဇာကိစ္စက ရှုပ်ထွေးတဲ့အတွက် လိုင်စင်ရှိတဲ့ ဗီဇာအကြံပေးတွေပဲ အသေအချာနားလည်ပါတယ် HR တွေက ဗီဇာကိစ္စကို သူတို့တာဝန်လို့ မယူဆကြပါဘူး။ ကိုယ်တွေအလုပ်မျိုးဆိုတာ သူတို့နိုင်ငံထဲက တက္ကသိုလ်တွေကလည်း အလုပ်အတွက် ရည်ရွယ်ပြီး မွေးထုတ်နေတဲ့ ပရိုဂရမ်တွေရှိသလို ဗီဇာအဆင်သင့်ရှိပြီးသား လူတွေလည်း မရှားတဲ့အတွက် နိုင်ငံခြားသားကို အလုပ်အရှုပ်ခံ ဗီဇာလျှောက်ပေးပြီး ခန့်ထားလေ့မရှိပါဘူး။ အမျိုးသမီးရဲ့ ပတ်စပို့ပြဿနာ ပြေလည်မှပဲ ကိုယ့်အတွက် ဆက်လုပ်လို့ ရမှာဆိုတော့ Remote အလုပ်လုပ်တဲ့အခါလုပ်လိုက် နားတဲ့အခါမျိုး လျှောက်လည်လိုက်နဲ့ အေးအေးလူလူပဲ စောင့်ရတော့တယ် အားတယ်တော့မရှိပါဘူး ဒီကြားကာလမှာ အမျိုးသမီးစားဖို့ ချက်ရင်းပြုတ်ရင်း လက်ရာတွေလည်း အတော်တိုးတက်ပါတယ်။

အလုပ်တွေရဲ့ Processing Time က ၂ ပတ်ကနေ ၃−၄ လအထိ ကြာတဲ့အတွက် ဗီဇာအသစ်ကို စောင့်နေတဲ့အချိန်လည်း ထိုင်နေလို့မဖြစ်တော့ စမ်းသပ်ချက် အမျိုးမျိုးနဲ့ လျှောက်ကြည့်တာ အလုပ်ပေါင်း ၁၆၉ ခု လျှောက်ခဲ့တယ်။ စမ်းသပ်ချက်တွေအနေနဲ့ နာမည်ကို ဗမာနာမည်တခုထဲရယ် Preferred name ကို အင်္ဂလိပ်နာမည်နဲ့ ပေးကြည့်တာမျိုးရယ် လုပ်ကြည့်တယ် CV ကို Job Descriptions အပေါ်မူတည်ပြီး ပြောင်းရေးကြည့်တယ် ကိုယ့်ရဲ့လက်ရှိ အတွေ့အကြုံနဲ့ မကိုက်ညီတဲ့ အလုပ်မျိုးတွေလည်း ပြောင်းလျှောက်ကြည့်တယ်။ စမ်းသပ်ချက် အားလုံးနီးနီးမှာ သိပ်ပြီးတော့မှ ထူးမှု့မတွေ့တော့ ကောင်းတဲ့အချက်အနေနဲ့ လူမျိုးရေးပြဿနာ အတော်ရှင်းတယ်ဆိုတာရယ် အလုပ်လျှောက်တဲ့နေရာမှာ HR software သုံးတယ်ဆိုပေမယ့် တကယ်တမ်း စစ်တဲ့လူတွေက HR တွေမဟုတ်ပဲ နားလည်တဲ့လူတွေ ဖတ်ကြတယ်ဆိုတာ နားလည်ရတာပေါ့။ ဒါပေမယ့် ထူးခြားတာက အတွေ့အကြုံနဲ့ မကိုက်ညီတဲ့ အလုပ်တွေမှာတော့ အားလုံးနီးနီး ၂−၃ ရက်အတွင်း မသက်ဆိုင်လို့ ဆက်ပြီးတော့ မစဉ်းစားပါဘူးလို့ပဲ အကြောင်းပြန်ကြတယ်။ ကိုယ့်လက်ရှိအလုပ်က Management ဖြစ်နေတော့ လက်တွေ့လုပ်ရမယ့် အလုပ်မျိုးဆိုရင် အတွေ့အကြုံမရှိဘူးပဲ ယူဆကြတယ် တချို့ကတော့ ကိုယ်တိုင်ဖုန်းဆက်ပြီး မလုပ်နိုင်ဘူးလို့ မယူဆပေမယ့် လက်တွေ့အလုပ်ဖြစ်နေလို့ တခြားတိုက်ရိုက် ဆက်စပ်တဲ့အလုပ်မှပဲ စဉ်းစားပါ့မယ်လို့ ပြောတာလည်းရှိတယ်။

ဗီဇာသက်တမ်းကြောင့် အဓိကပြဿနာ ဖြစ်နေတယ်ဆိုပေမယ့် အင်တာဗျူးအတွက်ဆိုရင် တိုက်ရိုက်မဆိုင်ဘူးပဲပြောရမယ် အလုပ်တွေက စိတ်ဝင်စားတဲ့အခါ HR ဖုန်းဆက်ပြီးတော့ ပဏာမအနေနဲ့ စကားပြောလေ့ရှိတယ် အဲဒီ့အချိန်မှာ ရှင်းပြလိုက်ရင် အင်တာဗျူး အဆင်ပြေတာလည်းရှိတယ်။ ပထမအဆင့် အင်တာဗျူး စုစုပေါင်း ၉ ခု ဖြေခဲ့ရတော့ စုစုပေါင်း ၁၆၉ နဲ့တွက်ရင် အင်တာဗျူးရတဲ့ ရာခိုင်နှုန်း ၅.၃% ရှိတယ်ဆိုတော့ သိပ်လည်းမများသလို သိပ်လည်းမနည်းဘူး။ အင်တာဗျူး ၁ ခုက Automated အနေနဲ့ ပထမအဆင့်ဖြစ်နေလို့ ငါ့ကိုအချိန်မပေးရင် ငါလည်းအချိန် မပေးနိုင်ပါဘူး Automated Recording နဲ့ ငါမဖြေဘူးဆိုပြီး ငြင်းလိုက်တာရှိတော့ ဖြေခဲ့တာ ၈ ခုပဲရှိတယ်။ ဒုတိယအဆင့် ရောက်သွားတာက ၅ ခုဆိုတော့ ပထမအဆင့်ရောက်ရင် ဒုတိယအဆင့်ရောက်ဖို့က ကိုယ့်အပေါ်မှာ အများဆုံးမူတည်တယ် ပြောရမယ်ထင်တယ်။ နောက်ဆုံးအဆင့် ရောက်သွားတာ ၄ ခုထဲက ၂ ခုက ခန့်ချင်ပါတယ်လို့ ပြောလာတာရှိတယ် ကိုယ်ကတော့ ၁ ခုကို ပြန်ရွေးရတာပေါ့။ တခုလက်ခံပြီးတော့မှ နောက်ထပ် ၁ ခုက ခန့်ချင်ပါတယ် ရောက်လာတယ် သုတေသန အလုပ်ဖြစ်တော့ ပိုစိတ်ဝင်စားပေမယ့် ဆုံးဖြတ်ပြီးဖြစ်တော့ မရတော့ပါဘူးလို့ ပြန်ပြောရတာလည်းရှိတယ်။ အလုပ်တွေက ပထမအဆင့် အင်တာဗျူးအတွက် ရွေးကတည်းက အသေအချာ ရွေးပြီးသားလို့ပဲ ပြောရလိမ့်မယ် ဘယ်နှစ်ယောက်ကို အင်တာဗျူးမှာလဲ မေးကြည့်တာ ၃−၅ ယောက်လိုပဲ ဖြေကြတယ်။

အင်တာဗျူး အတွေ့အကြုံကို ပြောရမယ်ဆိုရင် နယူးဇီလန်လို နိုင်ငံမျိုးဆိုတာ ကွန်ပျူတာနဲ့ ပတ်သက်တာတွေဟာ အစောကြီးကတည်းက ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်တော့ Legacy System တွေနဲ့ Technical Debt များမယ်ထင်ရပေမယ့် လက်တွေ့မှာတော့ သိပ်ပြီးတော့မများပါဘူး အတော်များများ ခေတ်မီတယ်ပြောရမယ် ကိုယ်နဲ့စကားပြောခဲ့တဲ့ အလုပ်တွေအားလုံးက သူတို့မှာ Technical debt ရှိမှန်းသိသလို အဲဒါတွေကိုဖြည့်ဖို့လည်း လုပ်နေကြတာပါပဲ။ တခုသဘောမကျတာက အစောကြီးဖွံ့ဖြိုးတော့ Microsoft ရဲ့ မီးကျိုးမောင်းပျက် အကြွင်းအကျန်တွေ ရှိနေတာမျိုးက ကိုယ့်အတွက်က အဆင်မပြေပါဘူး။ အလုပ်တခုဆိုရင် အင်တာဗျူးနောက်ဆုံး အဆင့်အထိရောက်သွားတယ် လုပ်ရမှာက သူတို့ရဲ့ Microsoft လက်ကျန်တွေကို ခေတ်မီအောင်လုပ်ပေးရမှာ ဒါပေမယ့် Microsoft ပဲဆိုလို့ ကိုယ့်ဒုက္ခကိုယ် မရှာချင်ပါဘူးလို့ ဖြေလိုက်မိတယ်။ ကိုယ်ရှာတဲ့အလုပ်တွေက Technical Management ဖြစ်ပြီး လက်တွေ့အလုပ်တွေကျ အတွေ့အကြုံမရှိဘူးထင်လို့ ငြင်းကြပေမယ့် အင်တာဗျူးတွေမှာတော့ Hands on မေးပါတယ်။ လက်ခံလိုက်တဲ့ အလုပ်ဆိုရင် အင်တာဗျူးတဲ့ အင်ဂျင်နီယာ ၅ ယောက်ဟာ တယောက်ကို ပရော်ဖက်ရှင်နယ် ကိုယ်စီရယ်နဲ့ ဝိုင်းနွှာကြသလို ကိုယ်ကလည်းပြန်ချ နောက်တော့နေကြပါဦး ငါမျက်စေ့လည်လာပြီ မင်းတို့အလုပ်က ဘာအလုပ်မို့ ဒီလောက်အစုံ သိဖို့လိုနေတာလဲမေးမှ ဆိုင်တော့မဆိုင်တော့ဘူး စကားပြောလို့ကောင်းလို့ ပြောနေတာဆိုပြီး ရပ်သွားတယ်။

အားလုံးသဘောကျလို့ အလုပ်ကခန့်ချင်တယ်လို့ နောက်ဆုံးအဆင့်အနေနဲ့ မပြောခင်မှာတော့ ပြဿနာလုပ်နေတဲ့ ဗီဇာကိစ္စကို ပြန်စစ်ပါတယ် အဲဒီအချိန်မှာတော့ အမျိုးသမီးရောကိုယ်ရော ဗီဇာအသစ်နဲ့ ဖြစ်နေပြီဖြစ်တော့ ပြဿနာမရှိတော့ပါဘူး။ အလုပ်က HR ကလည်း နားလည်တဲ့လူဖြစ်နေတော့ နောက်တခါ ဗီဇာအပြောင်းအလဲ ဖြစ်မယ်ဆိုရင်လည်း သူ့ကိုပြောရင် ရပါတယ်ဆိုတော့ ပိုအဆင်ပြေပါတယ်။ အလုပ်အတွက် စာချုပ်စာတမ်းတွေကတော့ စင်္ကာပူကအလုပ်တွေလိုပါပဲ သိပ်မကွာပါဘူး ဒါပေမယ့် ငွေရေးကြေးရေးနဲ့ သက်ဆိုင်တဲ့အလုပ်ဖြစ်လို့ နောက်ကြောင်းရှင်းရဲ့လား တခြားအလုပ်တွေထက် အသေအချာစစ်ပါတယ် လွန်ခဲ့တဲ့ ၅ နှစ်အတွင်း နေထိုင်ခဲ့တဲ့ နိုင်ငံတွေကနေ ယာဉ်တိုက်မှု၊ ရာဇဝတ်မှု၊ အကြွေး၊ White-collar crime အပြင် Credit Score ကနေ အရင်အလုပ်မှာ မန်နေဂျာနဲ့ ဆက်ဆံရေး ဘယ်လိုရှိလဲအထိ ကြည့်ပါတယ်။ မြန်မာနိုင်ငံသားလည်းဖြစ် လက်ရှိနိုင်ငံရေး အခြေအနေနဲ့ဆိုတော့ စင်္ကာပူရဲတပ်ဖွဲ့ဘက်က White-collar crime အတွက် ကင်းရှင်းကြောင်းကို အလွယ်တကူ ထုတ်မပေးပါဘူး Manually စစ်ရတဲ့အတွက် သူများတွေထက် အချိန်ပိုကြာလို့ တခြားလူတွေ ၄−၅ ရက်နဲ့ရပေမယ့် ကိုယ်ကတော့ ၃−၄ ပတ်လောက် စောင့်လိုက်ရတယ်။ အဆင်မပြေတာတခုက Microsoft Stack မဟုတ်ပေမယ့် အလုပ်လုပ်ဖို့ Windows ပဲပေးမယ် ဖြစ်နေတာတော့ ရှင်းလို့မရတဲ့အတွက် WSL လည်း သုံးစားလို့ရတဲ့ အခြေအနေတော့ ရောက်နေပါပြီလေဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရတော့တာပါပဲ။

အလုပ်ရပြီးတဲ့နောက် အတွေ့အကြုံတွေ ပြန်သုံးသပ်မယ်ဆိုရင် အလုပ်လုပ်လို့ရတဲ့ ဗီဇာရယ် အတွေ့အကြုံရယ် ဒီ ၂ မျိုးဟာ မရှိမဖြစ်လိုပါတယ်။ ပညာအရည်အချင်းက ဒုတိယအရေးကြီးတဲ့ အထဲမှာတော့ပါတယ် ကိုယ့်ကိုတော့ ပညာအရည်အချင်းနဲ့ ပတ်သက်တာ တခုမှမမေးပေမယ့် Technical မေးတာတွေက အဲဒါတွေနဲ့ပဲဆိုင်တာ မေးတာဖြစ်ပါတယ်။ ကိုယ့်ရဲ့လက်ရှိ အလုပ်မျိုးမဟုတ်ပဲ တခြားအလုပ်အမျိုးအစား ပြောင်းပြီးရှာမယ်ဆိုရင်တော့ အတော်ခက်ဖို့ရှိမယ် ကိုယ့်ကိုလဲ လက်ရှိတော့ Technical Management ဖြစ်ပေမယ့် လူတွေနဲ့ပတ်သက်တာ ရှောင်လို့မရသလို ရှေ့ဆက်ပြီးလည်း အဲဒီဘက်ပဲ သွားခိုင်းဖို့အတွက် ရည်ရွယ်တာပါလို့ အသေအချာပြောတယ်။ ဒီမှာရှိတဲ့ IT Sector ရဲ့ လုပ်အားအခြေအနေက လူပြည့်နေပြီးသားပါ အတွေ့အကြုံမရှိတဲ့ လူအသစ်ဝင်ဖို့ဆိုရင် လူခံမရှိဘူးဆိုရင် အတော်ခက်ပါတယ် သူတို့လိုချင်တာနဲ့ ၁၀၀% နီးနီး ကိုက်မှပဲခန့်ပါတယ်။ အလုပ်လျှောက်ချိန်ကနေ ပထမအင်တာဗျူး ရတဲ့အချိန်အထိ ၂−၃ လရှိတယ် အင်တာဗျူးအစကနေ အလုပ်ခန့်တဲ့အချိန်အထိက အနည်းဆုံး ၂ လလောက် လိုမယ်ဆိုတော့ ၅−၆ လလောက်တော့ အနည်းဆုံးအနေနဲ့ အချိန်ပေးရဖို့ရှိတယ်။ ပြောင်းလာဖို့ပြင်နေတဲ့ သူငယ်ချင်းတွေက အလုပ်ပေါလားမေးရင်တော့ ပေါတယ်လို့တော့ ဖြေလို့မရပါဘူး ဒါပေမယ့် ဗီဇာနဲ့အတွေ့အကြုံ ရှိတယ်ဆိုရင်တော့ ရှာလို့ရမှာပါ အချိန်ပဲကွာမယ် ချင့်ချိန်ပေါ့လို့ပဲ ဖြေပေးဖြစ်ပါတယ်။

ဗီဇာအတွက်မေးရင် အရင်ကတော့ ကိုယ့်အတွေ့အကြုံကို စိတ်ရှည်လက်ရှည် ဖြေပေးပါတယ် ဒါပေမယ့် မေးတဲ့လူတွေကို မဖြစ်နိုင်တဲ့ဟာ မရဘူးထင်တယ် ဖြေရတဲ့အခါတိုင်း ဟိုလိုလေးပြောလို့ မရဘူးလား ဒီလိုလေးတွေနဲ့ ကြာလာတော့ ကိုယ်အကျင့်အတိုင်း ငါရတယ်ပြောလိုက်လို့ ရတယ်လို့ဖြစ်သွားမှာမှ မဟုတ်တာပဲလေ ငါနဲ့လာငြင်းနေလို့ ဘာထူးမှာမို့လဲ ဖြေလိုက်မိပြန်ရင်လည်း မိတ်ပျက်တယ်။ အခုနောက်ပိုင်း လာမေးရင်တော့ ဗီဇာအကြံပေးဖို့ လိုင်စင်ရှိဖို့လိုတယ် ကိုယ့်ဟာကိုယ်ပဲ Immigration New Zealand မှာ ကိုယ်နဲ့ ဘာအဆင်ပြေနိုင်မလဲ အရင်ကြည့်ပါ သူတို့ရဲ့ ပေါ်လစီတွေက ပွင့်ပွင့်လင်းလင်းရှိသလို ဘာတွေလိုအပ်တယ်က တိတိကျကျရှိပြီးသားပါ။ လိုအပ်တယ်ပြောထားတာ မရှိဘူးဆိုရင်တော့ မရနိုင်တာဖြစ်နိုင်သလို ခက်ခဲတာလည်းဖြစ်နိုင်တယ် မရှင်းတာတို့ မေးချင်တာတို့ရှိရင် လိုင်စင်ရှိတဲ့ ဗီဇာအကြံပေးနဲ့ တိုင်ပင်ကြည့် ကိုယ်ကတော့ အိမ်ထောင်ကျလို့ ရောက်လာတာဖြစ်လို့ ကိုယ့်လမ်းစဉ်လိုက်ဖို့တော့ အကြံမပေးတတ်ပါဘူးပဲ ဖြေဖြစ်ပါတော့တယ်။ အမျိုးသမီးက ဗီဇာအကြံပေးလုပ်ဖို့ ကျောင်းပြန်တက်ပါလား အကြံပေးတယ် အချိန်အားနေတုံးက စဉ်းစားကြည့်ပေမယ့် ကိုယ်ပြောပုံဆိုပုံနဲ့ ကျောင်းလခပဲကုန်ဖို့ရှိမယ် အလုပ်လုပ်ရင်လည်း အပြောအဆိုက ပြောင်းမှာမဟုတ်တော့ အဆင်ပြေမယ့်အလုပ် မဟုတ်ပါဘူးလေလို့ပဲ စဉ်းစားဖြစ်တော့တယ် ပြောလို့သာပြောတာပါတယ် Full-time Househusband ဘဝကနေ အလုပ်အချိန်ပြည့် ပြန်လုပ်ရမယ်ဆိုတော့ အသားကျအောင် အတော်လေး အရှိန်ပြန်ယူရဦးမှာပါ။